တန်ဟက်ဂျ်ရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ နယူးကာဆယ်တို့ သရေသာရချိန်မှာ အခွင့်အရေးယူနိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ပွဲစဉ်တွေ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ ၀ုလ်ဗ်ကို အိမ်ကွင်းမှာ အန်သိုနီမာရှယ်၊ ဂါနာချိုရဲ့ ပွဲပြီးခါနီး တန်ပြန်တိုက်စစ်ဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ထုံးစံအတိုင်း နောက်ဆုံးမိနစ်တွေမှာတော့ ဂိုးပြန်မပေးရအောင် ရုန်းကန်ခဲ့ရကာ အနိုင်သေချာစေမယ့်ဂိုးကို ဂါနာချိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အန်တိုနီရဲ့ ဖန်တီးပေးမှုကနေ မာရှယ်က ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းထားခဲ့ပေမယ့် ယူနိုက်တက်ဟာ နောက်ထပ်ဂိုးတွေရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ သူတို့ရဲ့ ကန်သွင်းချက်တချို့ကိုလည်း ၀ုလ်ဗ်ဂိုးသမားနဲ့ ခံစစ်ပိုင်းက ကာကွယ်နိုင်ခဲ့လို့ ဂိုးထပ်မရခဲ့ဘဲ ချေပဂိုးပြန်မပေးရဖို့ကို ဦးစားပေးကာ တန်ပြန်တိုက်စစ်တွေနဲ့ ကစားသွားခဲ့ပါတယ်။
ဒီပွဲအနိုင်ရခဲ့လို့ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပြီး ရမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့်သာ အဆင့် ၄ နေရာမှာ ဆက်ရှိနေခဲ့တာပါ။ ဒါပေမယ့် လီဗာပူးလ်ကိုတော့ သူတို့မကန်ရသေးခင် အမှတ်ဖြတ်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် သေချာသထက်သေချာအောင် လုပ်နိုင်ခဲ့ပါတယ်။
ခြေစွမ်းအရ အားရစရာမရှိခဲ့ပေမယ့် ၀ုလ်ဗ်ကလည်း ကြီးကြီးမားမားခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ အနည်းငယ်သက်သာရာရခဲ့ပါတယ်။ တန်းဆင်းဇုန်ကလွတ်မြောက်ခဲ့ပြီဖြစ်တဲ့ ၀ုလ်ဗ်က ဒီပွဲကို အရင်ပွဲတွေလောက် အာရုံမစိုက်ခဲ့သလို အဝေးကွင်းဆိုရင် ခြေစွမ်းညံ့ဖျင်းတဲ့ သူတို့ရဲ့ စရိုက်အတိုင်းသာ ရှိနေခဲ့ပါတယ်။