အယ်လ်နာဆာဟာ လာမယ့်လိဂ်ပွဲအဖြစ် ဒါမက်နဲ့ ကစားရမှာပါ။ ဒီပွဲမှာ ရော်နယ်ဒိုအတွက် နောက်ထပ်ထူးခြားမှတ်တမ်းတခုက စောင့်ကြိုနေပါတယ်။ အဲဒါကတော့ သူ ၃ ပွဲဆက်တိုက် ဟက်ထရစ်ရယူနိုင်မလားဆိုတာပါပဲ။ ပြီးခဲ့တဲ့ အယ်လ်တိုင်၊ အဘဟာတို့နဲ့ပွဲတွေမှာ သူက ၂ပွဲဆက် ဟက်ထရစ်သွင်းထားခဲ့ပြီးပါပြီ။
တကယ်လို့သာ မနက်ဖြန်ကစားမယ့်ပွဲမှာပါ သူ ထပ်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ၃ ပွဲဆက်တိုက် ဟက်ထရစ်ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒိလိုမျိုး လုပ်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ ရော်နယ်ဒိုက ဒါမက်နဲ့ ၂ကြိမ်ရင်ဆိုင်ထားဖူးပြီးတော့ ၄ ဂိုးအထိ သွင်းယူထားတာမို့ ဒီအသင်းက သူ ဂိုးသွင်းနေကျ အသင်းဖြစ်နေပါတယ်။
ပြီးတော့ အဲဒီ ၂ပွဲမှာ ၁ပွဲက ဟက်ထရစ်ရခဲ့တာမို့ အခုလည်း သူ ဒါမျိုး ထပ်လုပ်ပြနိုင်ချေက မြင့်မားနေပါတယ်။ လက်ရှိမှာ ခြေစွမ်းတက်နေပြီး ဂိုးမြူးနေတဲ့ ဂုတ်ကြီးကလည်း ၃ ပွဲဆက်တိုက် ဟက်ထရစ်သွင်းနိုင်တဲ့ မှတ်တမ်းကို ပစ်မှတ်ထားနေမှာ သေချာာပါတယ်။
ဘယ်သူကမှ မလုပ်နိုင်ဖူးသေးတဲ့ မှတ်တမ်းမျိုးတွေကို ရယူနိုင်လေ့ရှိတဲ့ သူ့ရဲ့ စရိုက်ကလည်း ရှိပါသေးတယ်။ ရော်နယ်ဒိုဟာ နောက်ထပ်သမိုင်းမှတ်တမ်းစံချိန်သစ်တင်နိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နေပါပြီ။ သူ လုပ်ပြနိုင်ဖို့အတွက်လည်း ဖြစ်နိုင်ချေတွေက အများကြီးရှိတာမို့လို့ လာမယ့်ပွဲကိုလည်း စောင့်ကြည့်ရပါဦးမယ်။