သမီးအတွက်လေးနက်တဲ့ဆုံးဖြတ်ချက်တွေအကြောင်းပြောပြလာတာပါ။


သရုပ်ဆောင်ဘုဏ်းသိုက်က သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို နိုင်ငံရပ်ခြားမှာ မိခင်ဖြစ်သူ အဆိုတော် ချမ်းချမ်း နဲ့နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာခဲ့ပါတယ်။

"ကျွန်တော်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဆုံးဖြတ်ခဲ့ရတဲ့ဆုံးဖြတ်ချက်ပေါ့။ ဆုံးဖြတ်လိုက်ပြီဆိုကတည်းကလည်း သူ့အတွက်ပဲဆုံးဖြတ်တာလေ။ သမီးအတွက်ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး သမီးနဲ့ကျွန်တော်နဲ့က အမြဲတမ်းစကားပြောဖြစ်တယ်။ သမီးဂကျွန်တော့်ကိုဖြစ်စေချင်တာတွေ၊ ကျွန်တော် သမီးကိုဖြစ်စေချင်တာတွေ၊ အဲ့ဒါတွေ တောက်လျှောက် မအိပ်ခင်ညတိုင်းစကားပြောတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ဆယ်တန်းအောင်ပြီးခါစ အိမ်ကလူကြီးတွေ တားနေတဲ့ကြားထဲက နိုင်ငံခြားသွားမယ်၊ ပိုက်ဆံရှာမယ်ဆိုတဲ့ကာလကိုပြန်သတိရတယ်ပေါ့၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်သူစိမ်းတွေဆီသွားတာ။ အခုက သူက သူ့မေမေဆီသွားတာဖြစ်တဲ့အတွက် သမီးကိုစိတ်ပူစရာမလိုဘူးပေါ့။ ဘာပဲ ပြော​ပြောကျွန်တော့်အတွက်ကောင်းတဲ့ဟာပေါ့။ "လို့ သရုပ်ဆောင်ဘုဏ်းသိုက်က ပြောပြပါတယ်။




အသက် ၈ နှစ်သာ ရှိသေးတဲ့ သမီးလေး မြမိုးဂင်္ဂါက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်လှတယ်လို့ ဘုဏ်းသိုက်က ဂုဏ်ယူစွာနဲ့ ဆိုလာပါတယ်။

"သမီးက ကျွန်တော့်ကိုဒီထက်ပိုပြီးပျော်ပျော်ရွှင်ရွှင်နေစေချင်တာပေါ့။ သမီးက ရင့်ကျက်ပါတယ်။ တစ်ခါတရံကျွန်တော့်ထက်တောင် ရင့်ကျက်သေးတယ်။ ကျွန်တော်လှုပ်လှုပ်ခတ်ခတ်ဖြစ်တာကို ထိန်းဖို့ကြိုးစားတယ်။ ကျွန်တော့်အကြောင်းသိတဲ့သူဆို သိတယ်။ သူကကျ ထိန်းဖို့ကြိုးစားနေတဲ့ပုံစံကိုတောင် မမြင်ရဘူး။ ဘာမှမဖြစ်သေးတဲ့အတိုင်းပဲ။ ဒါပေမယ့် ဖြစ်တာပေါ့။ သူ့လေဆိပ်လိုက်ပို့တဲ့နေ့ကဆိုတအားသိသာတယ်။ သူ့ရဲ့ရင့်ကျက်မှုနဲ့ကျွန်တော့်ကိုCare လုပ်သွားတာတွေကိုမြင်ရတယ်။ "လို့ ဆိုပါတယ်။

 

Photo-Bhone Thaik FB

သမီးကိုဘယ်လိုလူတစ်ယောက်ဖြစ်စေချင်လဲဆိုတဲ့မေးခွန်းအပေါ်ကိုတော့ သရုပ်ဆောင်ဘုဏ်းသိုက်ကအခုလိုတုံ့ပြန်ဖြေကြားလာခဲ့ပါတယ်။ 

"သမီးက ကျွန်တော် မရခဲ့တာတွေရသင့်ပြီးတော့ ကျွန်တော်ရတဲ့ဟာတွေလုံးဝ မရသင့်တဲ့ ကျွန်တော်ဖြစ်ချင်တဲ့ကျွန်တော်ပေါ့။ ဘယ်သူမဆိုကိုယ့်ဘဝထဲမှာဖြစ်ချင်တာတွေ ဖြစ်ချင်တာဘယ်လောက်ပဲကောင်းကောင်း မဖြစ်သင့်တာတွေရော မဖြစ်ချင်တာတွေရောဖြစ်ဖြစ်လာတယ်လေ ဘဝထဲမှာ။ ဒါပေမယ့်စိတ်ကူးထဲကဖြစ်ချင်တဲ့ဟာကကျတော့ အဲဒီလိုမျိုး မကောင်းတာတွေမပါဘူး။ ကိုယ်ကိုယ်ကိုယ်ချစ်တဲ့စိတ်ကြောင့် ကိုယ့်ရဲ့အနာဂတ်ကို တွေးတာလေ။ ကျွန်တော့်ဘဝလက်တွေ့ကကျတော့ ဘယ်သူမဆိုကောင်းတာလည်းဖြစ်တယ်။ ဆိုးတာလည်းဖြစ်တယ်။ သမီးကိုကျ တော့ဘယ်လိုဖြစ်စေချင်လဲဆိုတော့ ကျွန်တော်လက်တွေ့မဟုတ်တဲ့ စိတ်ကူးထဲကဖြစ်ချင်လိုက်တာ ဆိုတဲ့ဘဝမျိုး" လို့ သမီးအတွက် မျှော်လင့်ချက်တွေကို ပြောပြခဲ့ပါတယ်။

Photo-Bhone Thaik FB

သရုပ်ဆောင်ဘုဏ်းသိုက်က လတ်တလောမှာ သရုပ်ဆောင်ချောရတနာနဲ့တွဲဖက်ပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ၂၀၂၂ခု နှစ်တစ်နှစ်လုံးမှာ ပရိသတ်တွေနဲ့ဝေးကွာနေချိန်မှာလည်း သရုပ်ဆောင်ဘုဏ်းသိုက်တစ်ယောက် ပန်းချီရေးဆွဲနေခဲ့ပြီး မကြာခင်မှာ တစ်ကိုယ်တော် ပန်းချီပြပွဲတစ်ခုကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အ​ကြောင်းကို သူ့ရဲ့ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ 

Photo- Bhone Thaik fb

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ဟာ ၂၀၁၃ခုနှစ် ဇူလိုင်(၁၇)ရက်နေ့က လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ Saint Mary's Cathedral မှာ မင်္ဂလာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သမီးလေး မြမိုးဂင်္ဂါကို မွေးဖွားခဲ့တာပါ။

Photo- Bhone Thaik FB

အိမ်ထောင်သက် ၄ နှစ်အကြာ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ချမ်းချမ်းက ခင်ပွန်း ဖြစ်သူ ဘုဏ်းသိုက်နဲ့ တရားဝင်ကွာရှင်းလိုက်ပြီဆိုတာကို ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်းက ဒုတိယအိမ်ထောင်ဖြစ်တဲ့ အီတလီနိုင်ငံသား Enrico နဲ့ သမီးလေးတစ်ဦးရရှိထားပြီး အီတလီကို ပြောင်းရွှေ့နေထိုင်ကာ မြမိုးဂင်္ဂါလေးကိုလည်း အီတလီမှာပဲ ကျောင်းဆက်ထားတယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က