သမီးဖြစ်သူကို ဆိုးလ်ရှား လာအားပေးခဲ့တာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယူနိုက်တက် အမျိုးသမီး ယူ-၂၁ အသင်းမှာ ကစားနေတဲ့ သမီးဖြစ်သူ ကလာနာရဲ့ ပွဲစဥ်ကို ကြည့်ရှုအားပေးဖို့အတွက် ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရှိရပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နိုဝင်ဘာအတွင်းက ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။



ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်က အထုတ်ခံရပြီးနောက်ပိုင်း မန်ချက်စတာမှာပဲ ဆက်နေခဲ့သေးသလို ပြီးခဲ့တဲ့ ခရစ္စမတ်ကာလအတွင်းမှာလည်း အသင်းဝန်ထမ်းတွေဆီကို ခရစ္စမတ်လက်ဆောင်တွေ ပို့ပေးခဲ့ပါသေးတယ်။

အသင်းရဲ့ ဂန္တဝင် ကစားသမားတယောက်ဖြစ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ရလဒ်ဆိုးတွေကြောင့် အသင်းနဲ့ လမ်းခွဲသွားတဲ့အချိန်ထိ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အသက် (၁၈) နှစ်အရွယ် သမီးလေး ကလာနာဟာ ယူနိုက်တက် အကယ်ဒမီကနေပဲ ကြီးပြင်းလာခဲ့တာဖြစ်ပြီး မနေ့က အက်စတွန်ဗီလာ အမျိုးသမီး ယူ-၂၁ အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ အဖေတူသမီးလို့ဆိုရလောက်အောင်ပဲ ကလာနာက မနေ့ကပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆိုးလ်ရှားအတွက် ဂုဏ်ယူရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားတို့မိသားစုဟာ ဘောလုံးသမားမျိုးဆက် ထွန်းကားတယ်လို့ ပြောရမှာဖြစ်ပြီး အခု အသက် (၁၈) နှစ်အရွယ် သမီးလေး ကလာနာအပြင် ဆိုးလ်ရှားရဲ့ သားကြီး အသက် (၂၁) နှစ်အရွယ် နိုအာကလည်း နော်ဝေကလပ် ခရစ္စတန်ဆောင်းမှာ ကွင်းလယ်ကစားသမားအဖြစ် ကစားလျက်ရှိပါတယ်။

ယူနိုက်တက်နည်းပြ ရာထူးက ထွက်ခွာခဲ့ရပြီးနောက် ဆိုးလ်ရှားအနေနဲ့ အခြားသော ကလပ်အသင်းတွေကို ကိုင်တွယ်ဖို့ သတင်းတွေထွက်ခဲ့သေးပေမယ့် လက်ရှိအချိန်ထိတော့ ဆိုးလ်ရှားတယောက် အသင်းလက်မဲ့အဖြစ် ရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က