ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ သမီးလေး ယွန်းဘီလီယံမောင်ကတော့ ဒီနေ့မှာ အသက်(၇)လပြည့်သွားခဲ့ပါပြီ။
သမီးလေးရဲ့ မွေးနေ့လေးမှာ ရန်ကုန်မြို့ရှိ၊ မှန်ကင်း အမှတ်(၂)ဘုန်းတော် ကြီးသင် ပညာရေးကျောင်းတွင် မိဘမဲ့ကလေးအတွက် နေ့လည်စာ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။
သားဂန်းနဲ့ ဘေဘီမောင်တို့ဇနီးမောင်နှံအတွက် သမီးလေးဟာ သမီးဦးလေး ဖြစ်တာကြောင့် တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်ကာ သမီးလေး ယွန်းဘီလီယံမောင်ကို ချစ်တဲ့ ပရိသတ်တွေအတွက်ကိုလည်း Billion ဆိုတဲ့နာမည်နဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေး တစ်ခု လုပ်ထားပြီး သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးများကို အမြဲတမ်းဆိုသလို မျှဝေဖြစ်တာ တွေ့ရပါတယ်။
“သမီးလေးက (၇)လဆိုတဲ့ အတိုင်းအတာလေးမှာ အများကြီး ပြောင်းလဲလာတယ်။ ဖေဖေမေမေလို့လည်း ခေါ်တတ်ပြီ စကားတွေလည်း အများကြီးပြောတတ်နေပြီ တော်တော်တတ်လာပြီလို့ ပြောရမယ်။ သမီးလေး တဖြည်းဖြည်း အရွယ်လေး ရောက်လာတဲ့အချိန်မှာ ဘာလုပ်လုပ် သမီးလေးအတွက်ဆိုတဲ့ စိတ်လေးနဲ့ ကြိုးစားဖြစ်တယ်။ ကိုယ့်အတွက် တခုခု ဝယ်ချင်ရင်တောင် ချိုးခြံပြီး သမီးလေးအတွက်ပဲ ကြည့်ဖြစ်တယ်၊ ကိုယ့်အတွက်ဆိုတာထက် သမီးလေးအတွက်ပဲ အရာရာစဥ်းစားပြီး လုပ်ဖြစ်လာတယ်” ဆိုပြီး သမီးလေးအပေါ် ထားတဲ့ စိတ်သဘောထားလေးကိုလည်းပြောပြခဲ့ပါသေးတယ်။
သရုပ်ဆောင်ဘေဘီမောင်နဲ့အဆိုတော်သားဂန်းတို့ကတော့ ၂၀၁၉ခုနှစ်မှာချစ်သူတွေ အဖြစ်ပရိသတ်တွေ ကိုအသိပေးခဲ့ကြတာ့ဖြစ်ပြီး ချစ်သူသက်တမ်း၂နှစ်အကြာ ၂၀၂၁ခုနှစ် အောက်တိုဘာလထဲမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် Billon ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားနေပြီပဲဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူ အဆိုတော်သားဂန်းက သူ့အောင်မြင်မှုနောက်မလိုက်ဘဲ ဇနီးနဲ့ သမီးအတွက်ပဲ ကြည့်ကာ နောက်ကွယ်ကနေ အကောင်းဆုံးပံ့ပိုးပေးနေသူတစ်ယောက်ဖြစ်လည်း ဖြစ်ပါတယ်။
"ကိုယ်အခုလိုရပ်တည်နိုင်တယ်ဆိုတာ ကိုယ့်ယောက်ျားရဲ့ Support တွေ အများကြီးပါတယ်။ သူကအားကြိုးမာန်တက်ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ဘေဘီတို့ပြန်ရတဲ့အချိန်ဆိုတာလည်းသိတဲ့အတိုင်း စင်ဒရဲလားအချိန်လေ။ ယောက်ျားသားတစ်ယောက် ကိုယ့်နားမှာမားမာမတ်မတ်နဲ့ ရပ်တည်ပြီးပါနေလို့သာ နို့မို့ဆိုဘယ်လွယ်မလဲ။ ဘေဘီဘယ်လောက်တောင် သူ့အချစ်ကိုရသလဲဆိုရင် ဘေဘီအောင်မြင်ဖို့အရေးပဲ သူသွားတယ်။ သီချင်းဆိုဆို ရုပ်ရှင်ရိုက်ရိုက် Live ပဲလွှင့်လွှင့် အနုပညာရှင်တစ်ယောက်အနေနဲ့ Social မီဒီယာမှာ မြင်နေရင် ဒါအောင်မြင်မှုရတယ်လို့ပဲ သူတွေးတယ်။ မိန်းမအောင်မြင်နေတာကို ယောက်ျားလက်ခုပ်တီးတယ်။ သူနောက်ကွယ်မှာနေပြီး မထင်မပေါ်ဘဲ နေရတဲ့သူ့ဘဝကို ရပ်တည်နိုင်တယ်။"ဆိုပြီး အဆိုတော်သားဂန်းဟာ သူမတို့မိသားစုအပေါ် နောက်ကွယ်ကနေ အပြည့်အဝပံ့ပိုးရပ်တည်ပေးတဲ့အကြောင်းကို ပြောပြလာပါတယ်။
မမနဲ့မောင်စုံတွဲလေးဖြစ်တဲ့ ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြားမှာ ပြောစမှတ်ပါပဲ ။ အရမ်းကိုချစ်တတ်တဲ့ သားဂန်းကတော့ ကိုယ့်ထက်အသက်ကြီးတဲ့ မမနဲ့ တအိုးတစ်အိမ်ထူထောင်ထားတာဖြစ်သလို အမြဲတမ်းဇနီးသည်အပေါ် အလျှော့ပေးသည်းခံတတ်တဲ့ လူရိုးလူအေးကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရသူပါ။
သားဂန်းက အမြဲအလျှော့ပေးချစ်ပေးသလို ဘေဘီမောင်ကလည်း ချစ်သူသားဂန်းရဲ့ အချစ်တွေကို တန်ဖိုးထားတတ်တဲ့သူဖြစ်ပါတယ်။လက်ရှိမှာတော့ သူတို့နှစ်ဦး သမီးလေးအတွက် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး သာယာတဲ့ မိသားစု ဘဝလေးကို ထူထောင်ထားတာကိုလည်း တွေ့ရပါတယ်။