အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာကတော့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ ကလေးလေးတစ်ယောက်ပါ။
အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာကတော့ အခုဆိုရင် ကြော်ငြာတွေ တော်တော်များများ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဖေကို အရမ်းချစ်တဲ့ သမီးလေးတစ်ယောက်ဖြစ်တဲ့ ထရက်ရှာလေးဟာဆိုရင် သူ့ရဲ့ လှုပ်ရှားမှု၊ ချစ်စရာ ကောင်းတဲ့ အပြောအဆို အပြုအမူလေးတွေနဲံ ပရိသတ်တွေကိုအချစ်ကို အခိုင်အမာရရှိထားတဲ့ ကလေးတစ်ယောက်ပါ။
သရုပ်ဆောင် စန္ဒီမြင့်လွင်ကိုယ်တိုင်ကလည်း သမီးလေးရဲ့ လှုပ်ရှားမှုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ အမြဲတစေ မှတ်တမ်း တင်ပေးဖြစ်သလို သမီးလေး လုပ်ချင်တဲ့ အနုပညာအလုပ်တွေကိုလည်း သမီးပျော်နေသ၍ လုပ်ခွင့်ပေးသွားမှာပါလို့ Duwun ကိုပြောပါတယ်။
‘’အမကတော့ သမီးလေးနဲံ အနုပညာအလုပ်တွေ လုပ်နေတော့ပျော်တာပေ့ါ။ သမီးလေးနဲ့ဆိုတော့လည်း ထရက်ရှာကိုလည်း ချစ်ကြတော့ မိသားစုလိုက် လည်း ချစ်ကြတော့ မိသားစုလိုက်ဟာလေးတွေလည်း ရိုက်ဖြစ်တာပါ။ ထရက်ရှာကတော့ အရမ်းတတ်နေပြီ။ မင်းသမီးလေးလို ဖြစ်လို့ စကားလည်း အရမ်းတတ်တဲ့ အခုချိန် ဒီအရွယ် ကလေးလေးတွေက စကားတတ်ကြတယ်လေ စကားလည်း အရမ်းတတ်တဲ့ အရွယ်၊ ချစ်ဖို့ကောင်းနေတဲ့ အရွယ်ဆိုတော့ပရိသတ်တွေ တော်တော်များများက သူ့ကို ချစ်ကြတယ်။ သမီး လေးက ကျောင်းလည်း သွားတယ်၊ အားတဲ့ အချိန်မှာ ကြော်ငြာ လေးတွေ ရိုက်နေတယ်။ အနုပညာအလုပ်ကတော့ သမီးလေး ပျော်နေသ၍ လုပ်ခွင့်ပေးမှာပါ။ စိတ်မပါတဲ့ အရာတွေကိုတော့ အတင်းတွန်းအားပေးပြီး မလုပ်ခိုင်ပါဘူး”လို့ သူမက ပြောပါတယ်။
ကြော်ငြာတွေ ရိုက်ကူးနေရပြီ ဖြစ်တဲ့ ထရက်ရှာလေးဟာ အိုက်တင်ပိုင်းနဲ့ ပတ်သက်လို့ သင်ပေးစရာ မလိုအောင် လုပ်တတ်သူလေးလည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ စန္ဒီမြင့်လွင်က”ထရက်ရှာက ရိုက်ကွင်းမှာဆို ပို့စ်တွေဘာတွေ ဘာမှ သင်ပေးစရာ မလိုဘူး သူ့ဘာသူ လုပ်တာ မေမေက ဒီလိုလုပ်၊ ထရက်ရှာက ဒီလိုလုပ်မယ် မေမေက ဒါလေးဝတ် ဒရက်ရှာက ဒါလေးဝတ်မယ်ဆိုတာမျိုးက အစ သူပဲ ပြောတာ။ အရမ်းလည်းတတ်တယ်”လို့ ဆိုပါတယ်။
Photo : စန္ဒီမြင့်လွင် FB
အဆိုတော် စန္ဒီမြင့်လွင်ကတော့ သမီးလေးကို ချစ်ပေးကြတဲ့အတွက် သူမကိုယ်တိုင်အရမ်းကို ပျော်ရပါတယ်တဲ့။
" ကိုယ့်ထက်သူ့ကို ပိုချစ်ကြတာပေါ့နော်။ အခုတော့ သူက ကိုယ့်ထက် ပိုပြီး ဆရာကျသွားတာပေါ့။ သူ့ကိုပိုပြီးချစ်ပေးကြလို့ဝမ်းသာပါတယ်။ ကိုယ့်ကိုဆိုရင်တော့ ချစ်တဲ့သူရှိမယ်။မချစ်တဲ့သူရှိဦးမယ်။ သူ့ကိုကျတော့ အကုန်လုံးက ချစ်ကြတယ်။အဲ့ဒီ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ သမီးလေးလည်း ချစ်ပေးတယ်ဆိုတာကလည်း ကိုယ့်ကိုချစ်တဲ့အခံရှိလို့ ချစ်ပေးကြတာလို့ပဲ မြင်ပါတယ်။သူ့ကိုချစ်ပေးကြတဲ့အတွက် အလုပ်တွေလည်းပိုအဆင်ပြေလာတယ်။အလုပ်တွေလည်းအများကြီးပိုလုပ်လာရတဲ့အတွက် ပျော်ပါတယ် " လို့ ဝမ်းသာပီတိဖြစ်စွာ ပြောပြခဲ့ပါတယ်။
Photo : စန္ဒီမြင့်လွင် FB
စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေး ကို ပန်းလှိုင်ဆေးရုံမှာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ သမီးလေးကိုတော့ အိမ်ခေါ်နာမည် ထရက်ရှာလို့ အမည်ပေးထားပြီး သမီးလေး(၆)လအရွယ်မှာတော့ မြန်မာနာမည်အဖြစ် ခင်လင်းထင်လို့အမည်ပေးခဲ့တာတွေ့ရပါတယ်။ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပြီး အခုဆိုရင်တော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းက ၂ နှစ်ကျော်လာခဲ့ပါပြီ။ အခုဆိုရင်တော့ သမီးလေး နဲ့ အတူတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားနိုင်ပါပြီ။