အသက်အရွယ်အလိုက် နည်းမှန်၊လမ်းမှန်နဲ့ ကလေးတွေကို လိင်မှုအသိပညာပေးဖို့ မိဘတွေရဲ့ တာဝန်ပါ။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို လိင်မှုရေးရာပညာပေးကိစ္စတွေအကြောင်း ပြောရတာ တော်တော်လေး မျက်နှာပူစရာ ကိစ္စပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်လို နည်းပညာခေတ်မှာ အဲဒီလိုကိစ္စတွေကို ကိုယ်ကမပြောလည်း ကလေးတွေဟာ နေရာအမျိုးမျိုးကနေ၊ ပုံစံအမျိုးမျိုးနဲ့ တွေ့မြင်၊ ကြားသိနိုင်နေကြတာကြောင့် အသက်အရွယ်အလိုက် နည်းမှန်၊လမ်းမှန်နဲ့ သိသွားအောင် မိဘတွေက ပြောပြပေးဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့ကလေးကို အသက်အရွယ်အလိုက် သင့်လျော်တဲ့ လိင်မှုအသိပညာပေး အကြောင်းတွေပြောပြပေးနိုင်ဖို့ အသုံးဝင်မယ့် အကြံပြုချက်လေးတွေကို Duwun ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။


Photo : Nippon

အသက် ၂ နှစ်မှ ၅ နှစ်


ဒီအသက်အရွယ်မှာ ကလေးတွေကို တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ကိုင်တွယ်တဲ့အခါ မထိသင့်၊ မကိုင်သင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်း ပြောပြပေးသင့်ပါတယ်။ ရင်ဘတ်၊ တင်ပါး၊ လိင်အင်္ဂါ စတဲ့ အစိတ်အပိုင်းတွေကို တခြားသူတွေကို မထိတွေ့၊ မကိုင်တွယ်သင့်သလို ကိုယ်ကလည်း တခြားသူတွေကိုလည်း မထိတွေ့၊ မကိုင်တွယ်သင့်ကြောင်း ကိုယ့်ကလေးနားလည်မယ့် စကားမျိုးလေးတွေနဲ့ ပြောပြပေးရပါမယ်။ လိင်ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် ပြောပြတာမျိုး တော့ လုပ်ဖို့မလိုသေးဘဲ ကလေးက ပေါက်ပေါက်ရှာရှာ မေးခွန်းတွေ မေးလာခဲ့ရင် "ဒေဝေါကြီး ရိုက်လိမ့်မယ်" လို့ အပိုခြိမ်း ခြောက်တဲ့စကားမျိုးတွေ မဟုတ်ဘဲ လက်တွေ့ကျပြီး ကလေးလည်း နားလည်နိုင်မယ့် စကားမျိုးတွေနဲ့ လိမ္မာပါးနပ်စွာ ပြောပြပေးသင့်ပါတယ်။ နောက်ပြီး လူတစ်ယောက်ယောက်က မထိသင့်၊ မကိုင်သင့်တဲ့နေရာတွေကို ကိုင်တွယ်တာမျိုးတွေ လုပ်လာခဲ့ရင် ဘယ်သူ့ကိုမှ မကြောက်ဘဲ လူကြီးတွေကို တန်းပြီး ပြန်တိုင်တတ်အောင်လည်း သင်ပေးထားရပါမယ်။


အသက် ၆ နှစ်မှ ၈ နှစ်


ဒီအရွယ်မှာတော့ ကလေးတွေကို အင်တာနက်အသုံးပြုတာနဲ့ တခြားဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုတာနဲ့ပတ်သက်ပြီး ဂရုစိုက်ရမယ့် အရွယ်ပါပဲ။ ကိုယ့်ကလေးက ဆိုရှယ်မီဒီယာမသုံးသေးဘူး၊ မိဘမျက်စိအောက်မှာပဲ အင်တာနက်သုံးတယ် ဆိုရင်တောင် အွန်လိုင်းမှာ သူစိမ်းတွေကို ဓါတ်ပုံတွေမပြဖို့၊ မသင့်လျော်တဲ့ပုံတွေမပြဖို့၊ မသိတဲ့ သူစိမ်းတွေနဲ့ အဆက်အသွယ် မလုပ်ဖို့ စတာတွေကို နားဝင်အောင် ပြောပြပေးထားသင့်ပါပြီ။ အဲဒီလို ပြောပြတဲ့အခါ ဖြစ်လာနိုင်တဲ့၊ ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို အပိုခြိမ်းခြောက်တာမျိုး မဟုတ်ဘဲ လက်တွေ့ကျကျ ပြောပြသင့်ပါတယ်။ အပြာဓါတ်ပုံတွေ၊ ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ အသေးစိတ်ပြောပြစရာ မလိုသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုအရာတွေရှိတဲ့အကြောင်းနဲ့ အဲဒါမျိုးတွေကို စိတ်ဝင်စား တာဟာ သဘာဝသာဖြစ်ကြောင်း၊ နောက်ပြီး အဲဒီလို ဓါတ်ပုံတွေ၊ ရုပ်ရှင်တွေဟာ စိတ်ကူးယဉ် ဖန်တီးထားတာသာဖြစ် ကြောင်း အသိပေးပြောပြထားလို့ ရပါတယ်။ နောက်ပြီး ဒီအရွယ်မှာ သူတို့လေးတွေက " ကလေးတွေ ဘယ်လိုကနေ မွေးလာတာလဲ " ဆိုတဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းမျိုးတွေ မေးလာခဲ့ရင် သူတို့နားလည်မယ့် စကားလုံးမျိုးတွေနဲ့ အသေးစိတ် မဟုတ်ဘဲ ယေဘူယျသဘောမျိုး ပြောပြပေးလို့ ရပါတယ်။

Photo: Vietnam Net

အသက် ၉ နှစ်မှ ၁၂ နှစ်


ဒီအရွယ်မှာ ကလေးတွေကို အွန်လိုင်းသုံးတာနဲ့ ပတ်သက်ပြီး လွတ်လပ်မှုတွေ ပိုပေးရတော့မယ့် အရွယ်ဖြစ်တာကြောင့် အွန်လိုင်းပေါ်မှာ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာကနေ ကြုံလာနိုင်တဲ့ အန္တရာယ်တွေအကြောင်း ပိုပြီး အသေးစိတ်ကျကျ ပြောပြပေးသင့်ပါပြီ။ အထူးသဖြင့် လိင်အမြတ်ထုတ်မှု အန္တရာယ်တွေအကြောင်း၊ လူကုန်ကူးမှုတွေအကြောင်း ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ၊ နားဝင်အောင် ပြောတဲ့ပုံစံမျိုးနဲ့ ပြောပြပေးဖို့ လိုပါတယ်။ ဒီအရွယ်ဟာ စိတ်ခံစားမှုတွေ ပြင်းထန်တတ်တဲ့ အရွယ်လည်း ဖြစ်တာကြောင့် အတင်းဖိနှိပ်ချုပ်ခြယ်တာမျိုးတွေ မလုပ်မိဖို့လည်း အရေးကြီးပါတယ်။

Photo: Parents Africa

ဆယ်ကျော်သက်


ဒီအရွယ်မှာတော့ လိင်ကိစ္စတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့ လိုပါပြီ။ တစ်ကိုယ်ရေအာသာဖြေတာနဲ့ ပတ်သက်လို့ ဒါဟာ အရွယ်အရ သဘာဝသာဖြစ်ကြောင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ့် အကြောင်း၊ သဘာဝနဲ့ဆန့်ကျင်တာမျိုးတွေလုပ်ရင် ကြုံလာနိုင်တဲ့ ဆိုးကျိုးတွေကို နားလည်အောင် ပြောပြပေးရပါမယ်။ လိင်ဆက်ဆံတာနဲ့ပတ်သက်လို့လည်း ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်၊ အရွယ်မတိုင်ဘဲ ကိုယ်ဝန်ရနိုင်တဲ့ အန္တရာယ်တွေကို ပြောပြပေးပြီး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကိုပါ ပြောပြပေးထားဖို့ လိုလာပြီပဲ ဖြစ်ပါတယ်။

ဒါကတော့ ကိုယ့်ရဲ့ ကလေးကို အသက်အရွယ်အလိုက် လိင်ပညာပေး ပြောဆိုဆွေးနွေးတဲ့နေရာမှာ အသုံးဝင်နိုင်မယ့် အကြံပြုချက်လေးတွေကို ပြောပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ဒီလိုကိစ္စတွေနဲ့ ပတ်သက်လာရင် အတင်းဖိနှိပ်ချုပ်ခြယ်တဲ့ နည်းလမ်းမျိုးတွေကို မသုံးဘဲ နားလည်အောင်၊ နားဝင်အောင် ပြောပြတတ်ဖို့ လိုအပ်ကြောင်း သတိချပ်ဖို့ ထပ်မံအကြုံပြုပါရစေ။


Ref: Today's Parent


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က