ကိုစည်သူကကျောင်းမုန့်စျေးတန်းရောင်းတဲ့အလုပ်နဲ့အသက်မွေး၀မ်းကျောင်းပြုသူတစ်ယောက်ပါ။ဆိုင်ကယ်ဘေးတွဲပေါ်မှာ သူရောင်းတဲ့စားသောက်ဖွယ် မျိုးစုံကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကိုယ်ပိုင် ကျောင်းတွေရဲ့ မုန့်စားဆင်းချိန်အမှီသွားရောင်းတာ ကသူရဲ့နေ့စဉ်လုပ်ငန်းခွင်ဖြစ်ပါတယ်။
ကိုစည်သူအကြောင်း
ကိုစည်သူဟာ အသက်(၂၀)ဝန်းကျင်အရွယ်မှာပဲ အစားအသောက် ပြင်ဆင် ချက်ပြုတ်ရတဲ့ လုပ်ငန်းခွင်ထဲ စတင် ရောက်ရှိခဲ့ပါတယ်။ သူက နာမည်ကြီးစားသောက်ဆိုင်နဲ့ ဆူရှီ ဆိုင်တွေမှာ အလုပ်လုပ်ခဲ့ဖူးသလို ထိုင်းလူမျိုး စားဖိုမှုးနည်းပြ ဆီမှာ တပည့်ခံ ပညာ သင်ယူခဲ့သူပါ။ နောက်ပိုင်း စားဖိုမှူးသင်တန်းမှာလက်ထောက်နည်းပြ အဖြစ် အလုပ်လုပ်ခဲ့ပြီး ဝန်ထမ်းဘဝက ထွက်ကာ သူတတ်တဲ့ အချက်အပြုတ်ပညာနဲ့ တစ်နိုင်တစ်ပိုင် ထမင်းလိပ်ဆိုင်လေး စဖွင့်ခဲ့ပါတယ်။“ကိုဗစ်တွေမဖြစ်ခင်က ဒဂုံတက္ကသိုလ်ထဲမှာ ရေညှိထမင်းလိပ်၊ဆူရှီ တစ်နိုင်တစ်ပိုင်လေး လုပ်ရောင်းတာ။ ကျွန်တော်လည်း ဝန်ထမ်း ဘဝကနေ ထွက်ပြီး ကိုယ်ပိုင်လေးစမယ်ဆိုပြီးလုပ်တာ။ အဲ့တုန်းက တော်တော်ရောင်းရတယ်”လို့ ကိုစည်သူက သူ့အကြောင်းကိုပြောပြပါတယ်။
အရင်းအနှီးလက်မဲ့
ကိုဗစ်ကာလမှာ သူ ရှာဖွေ စုဆောင်းထားတာတွေ အားလုံးကုန်သွားပြီး အရင်းအနှီးလက်မဲ့ဘဝကို ရောက်ခဲ့ရတယ်လို့ ကိုစည်သူက ဆက်ပြောပြပါတယ်။အဲ့လိုကနေ အလုပ်လုပ်ဖို့အတွက် လှည်းငှားပြီး ဘဝကို အစကနေ ပြန်စခဲ့ရတယ်လို့ ဆိုပါတယ်။“ကျန်းမာရေးကြောင့် ကိုဗစ်မှာ စုဆောင်းထားတာ တွေကုန်သွားတယ်။ အလုပ်ပြန်စလုပ်မယ် ဆိုတော့ လက်ထဲမှာ ပိုက်ဆံ(၆၅၀၀၀)ပဲရှိတယ်။ အဲ့ပိုက်ဆံနဲ့ လိုတာတွေဝယ် သူငယ်ချင်းဆီက လှည်းငှားပြီး ဈေးပြန်ရောင်းခဲ့တာလို့” ကိုစည်သူက ပြောပါတယ်။
ကျောင်းမုန့်ဈေးတန်းရောင်းဖြစ်ပုံက
ကိုစည်သူရောင်းတဲ့ အစားစာတွေက စျေးတန်ပြီး လက်ရာသေသပ်ကောင်းမွန်လို့ ကိုယ်ပိုင်ကျောင်းတွေက သူတို့ကျောင်းနားမှာ လာရောင်းဖို့ ခွင့်ပြုခဲ့ရာကနေ ကျောင်းမုန့်စျေးတန်း စရောင်းခဲ့တာပါ။ အဲ့လိုကနေ ကျောင်းတွေ၊ကျောင်းသားတွေက သူတို့ကျောင်းနားမှာ လာရောင်းဖို့ခေါ်ကြရင်း သူ့အလုပ် တွင်ကျယ်လာပြီး ရောင်းအားလည်း တိုးလာပါတယ်။
“မန္တလဈေးမှာ ရောင်းနေတုန်း ကျွန်တော့မုန့်ကို ကိုယ်ပိုင်ကျောင်းက ဆရာ၊ဆရာမတွေက ဝယ်စားကြပြီး သူတို့ကျောင်းတွေနားမှာ လာရောင်းဖို့ပြော လာကြတာ။ စားဖူးတဲ့ကျောင်းသားတွေကလည်း သူတို့ကျောင်းနားမှာလာရောင်းပါလားနဲ့ ခေါ်ကြရင်း မုန့်ဈေးတန်းရောင်းဖြစ်ခဲ့တာ”လို့ ကိုစည်သူကပြောပါတယ်။
ကလေးတွေကခင်ကြတယ်
ကျောင်းတွေမှာ မုန့်ဈေးတန်းရောင်းတဲ့သူ့ကို ကလေးတွေကလည်း ခင်ကြပါတယ်။ သူရဲ့ဘေးတွဲမုန့်လှည်းလေးမှာဆိုရင် ကလေးတွေအမှတ်တရကပ်ထားတဲ့ စတစ်ကာအရုပ်လေးတွေ အမှတ်တရလတ်မှတ်လေး တွေကိုလည်း ချစ်စဖွယ်မြင်တွေ့နိုင်ပါတယ်။ မုန့်ဝယ်တဲ့ကလေးတစ်ဦးရဲ့ မာလာရှမ်းကောဦးလေး လို့ ချစ်စဖွယ်စကားသံ TikTok video ကြောင့်လည်း ကိုစည်သူကို လူပိုသိလာခဲ့ပါတယ်။
လှည်းငှားကနေ လှည်းပိုင်
အရင်းအနှီးလက်မဲ့ လှည်းငှားပြီး ဈေးရောင်းရတဲ့ ဘဝကနေ တစ်နှစ်ခွဲအတွင်းမှာ လှည်း(၅)စီး ပိုင်လာ ခဲ့တယ်လို့လည်းကိုစည်သူကတက်ကြွစွာပြောပါတယ်။ကျောင်းမုန့်ဈေးတန်းရောင်းတဲ့အလုပ်က သူ့ကို အကျိုးပေးတဲ့အလုပ်ဖြစ်သလို အစားအသောက်အလုပ်မို့ ရောင်းတဲ့အစားအစာတွေ သန့်ရှင်းလတ်ဆတ်ဖို့ကို အမြဲဂရုစိုက်တယ်လို့ သူကဆိုပါတယ်။
စားချင်စရာမုန့်မျိုးစုံ
ရောင်းတဲ့မုန့်တွေကတော့ မာလာရှမ်းကော၊ဒင်းဆမ်း၊ဟော့ဒေါ့၊ထမင်းလိပ်၊အကင်မာလာ၊ဟမ်းဘာကာ စတာတွေ အပါအဝင်မုန့်(၁၀)မျိုးလောက်ရပါတယ်။မုန့်တွေရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး(၂၀၀၀)ကျပ်ကနေ စပြီး ကလေးတွေ ဝယ်ရင်တော့(၅၀၀)ဖိုးလည်း ရတယ်လို့ ကိုစည်သူက ပြောပါတယ်။
လမ်းညွှန်
ကိုစည်သူရောင်းတဲ့ မုန့်တွေကို ဝယ်စားချင်တယ်ဆိုရင်တော့ မနက်(၁၀)နာရီဆို မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမပေါ် မ၀တ ကားမှတ်တိုင်အနီး ကဘေးတွဲမုန့်ဆိုင်လေးမှာ ၀ယ်စားလို့ရပါတယ်။