‌၁၀၀ တန်တုတ်ထိုးဆိုပေမယ့် ဝက်လျှာ၊ဝက်အူ၊နှလုံးစတာတွေအပြင် ကလီစာအစုံကိုရရှိနိုင်ပါတယ်။

ဝက်သားတုတ်ထိုးစားမယ်တော့မယ်ဆို အရသာအပြင် ဆိုင်ရဲ့ သန့်ရှင်းသပ်ရပ်မှုကလည်း စားသုံးသူတွေရဲ့ ရွေးချယ်မှုထဲမှာ ပါ၀င်တဲ့အရာတစ်ခုပါ။ဒါ့ကြောင့် ဝက်သားတုတ်ထိုးကြိုက်နှစ်သက်သူတွေအတွက် စျေးတန်ရမယ်၊ အရသာကောင်းရမယ်၊သန့်ရှင်းသပ်ရပ်ရမယ် ဆိုတဲ့ အခြေခံအချက်တွေအားလုံးနဲ့ပြည့်စုံနေတဲ့ ဝက်သားတုတ်ထိုးဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ဆိုင်အပြင်ဆင်လေးက စားသုံးသူတွေကို ဆွဲဆောင်ထားတဲ့ စောဗိုက်ပူဝက်သားတုတ်ထိုး

စောဗိုက်ပူဆိုတဲ့ဆိုင်နာမည်လေးက ချစ်ဖို့ကောင်းသလို ဆိုင်အပြင်အဆင်လေးကလဲ ချစ်စရာကောင်းတာက ဒီဆိုင်ရဲ့  ဆွဲဆောင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဝက်သားတုတ်ထိုးဆိုင်တွေက အများအားဖြင့် လမ်းဘေးမှာပဲ ဗန်းလေးနဲ့ ချရောင်းတာဆိုပေမယ့် ဒီဆိုင်လေးကတော့ ဆိုင်အပြင်ဘက်နေရာက ကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်သပ်ရပ်ရပ်ရှိသလို ဆိုင်အတွင်းထဲက အပြင်အဆင်လေးကလလည်း  ချစ်ဖို့ကောင်းနေပါတယ်။ ဆိုင်အတွင်းထဲမှာ အလှဆင်ထားတဲ့ လက်မှုပစ္စည်းလေးတွေ ချစ်စဖွယ်နံရံပန်းချီပုံလေးတွေကြည့်ရင်း အေးအေးဆေးဆေးထိုင်စားနိုင်တဲ့ ဆိုင်လေးပါ။

တစ်ချောင်းကိုမှ (၁၀၀)ကျပ်သာကျသင့်တဲ့ဆိုင်လေး

စျေးတန်ပြီး အရသာကောင်းတဲ့ တုတ်ထိုးကို အေးဆေးစားသုံးနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တာကြောင့် တစ်ချောင်းကိုမှ (၁၀၀) ကျပ်နဲ့ ရရှိနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။  

“ကျွန်တော်တို့ စောဗိုက်ပူ တုတ်ထိုးဆိုင်လေးမှာကြိုက်တဲ့ တုတ်ထိုးကိုစား တစ်ချောင်း ၁၀၀ပါ။ ဒီဆိုင်လေးကို စဖွင့်ထဲက တုတ်ထိုးကိုစျေးတန်တန်သန့်သန့်ရှင်းရှင်းလေးနဲ့ ရောင်းချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ဖွင့်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ မိသားစု၀င်တွေ မကျန်းမာလို့ ကုန်တာတွေ အဆင်မပြေတာတွေ မြင်တွေ့နေရတော့ အဲ့လိုမျိုးမဖြစ်အောင် သန့်ရှင်းသပ်ရပ်မှုကို ဂရုစိုက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် အဓိက စေတနာထား ပြီး ရောင်းဖြစ်တာပါလို့” ဆိုင်ရှင် ကိုဝါးဝါးကပြောပါတယ်။

စျေးချိုပေမယ့် အရည်အသွေးနဲ့အရသာကိုဂရုစိုက်တဲ့တုတ်ထိုး

‌၁၀၀ တန်တုတ်ထိုးဆိုပေမယ့် ဝက်လျှာ၊ဝက်အူ၊နှလုံးစတာတွေအပြင် ကလီစာအစုံကိုရရှိနိုင်ပါတယ်။ ဒါ့အပြင် ဝက်သားလိပ်ကြော်နဲ့ ဝက်ဦးနှောက်ချဉ် စပ်ကလည်း  စားသုံးသူတွေကြိုက်နှစ်သက်မှုများတဲ့ စောဗိုက်ပူ ဝက်သားတုတ်ထိုးဆိုင်လေးရဲ့ နာမည်ကြီးစားသောက်ကုန်တွေပါ။

“စျေးတန်တန်နဲ့ ရောင်းချပေမယ့် ဝက်သားတုတ်ထိုးရဲ့အရည်အသွေးအရသာပြောင်းလဲမှုမရှိဖို့ ကုန်ကြမ်း ဝယ်ယူထဲက လက်ဆက်တဲ့ကုန်ကြမ်းကိုပဲ အမြဲဝယ်တယ်။ အချဉ် ရည်ဆိုလည်း တစ်နေ့တစ်ခါပဲ ဖျော်တယ် တုတ်ထိုးကျန်တာမျိုးရှိရင်လည်း နောက်နေ့မှာပြန်မသုံးဘူး ၊ အရည်အသွေးကိုအမြဲဂရုစိုက်ပါတယ်။ “လို့ ဆိုင်ရှင်ဖြစ်သူ ကိုဝါးဝါးကပြောပါတယ်။

တစ်နေ့ကို ၂သိန်းဖိုးခန့် ရောင်းရတဲ့ဆိုင်လေး

စောဗိုက်ပူတုတ်ထိုး ဆိုင်လေးကိုတော့ ၂၀၁၇ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တုတ်ထိုးဆိုင်လေးရဲ့ သက်တမ်း ကတော့ ၅နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ စတင်ဖွင့်လှစ်စဉ်က ဝက်သားတုတ်ထိုးတစ်မျိုးထဲ ရောင်းချခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အမယ်အသစ်တွေပါ ထပ်မံရောင်းချလာတာဖြစ်ပါတယ်။စားသုံးသူတွေရဲ့ လက်ခံ အားပေးလာမှုကြောင့် စတင်ရောင်းချတုန်းကထက် ရောင်းအားတတ်လာပြီး လက်ရှိမှာတော့ စောဗိုက်ပူဆိုင်လေး ရဲ့ရောင်းအားက တစ်နေ့ကို( ၂)သိန်းဝန်းကျင်ရှိပါတယ်။

“စရောင်းတုန်းကတော့ တုတ်ထိုးနဲ့ကြာဇံကြော်ပဲရောင်းတာ ၊ အဲဒီ တုန်းကတော့ အခုလောက်ရောင်းအား မတတ်ဘူးပေါ့။ အခုကတော့ရောင်းအားတတ်လာတော့ ဝန်ထမ်း( ၂)ယောက်လောက် ခန့်ထားနိုင်တယ်။ တုတ်ထိုးအနေနဲ့ဆို တစ်နေ့ကို ဝက်သား(၅)ပိသာလောက်ကုန်တယ်။ တခြားအမယ်တွေပါ ရောင်းရတာနဲ့ဆို တစ်နေ့ကို ရောင်းအားက ၂သိန်းဖိုးလောက်ရှိပါတယ်။” လို့ ကိုဝါးဝါးကပြောပါတယ်။

စောဗိုက်ပူဝက်သားတုတ်ထိုးစားချင်သူတွေအတွက်လမ်းညွှန်

စောဗိုက်ပူဝက်သားတုတ်ထိုးဆိုင်လေးမှာတော့ ဝက်သားတုတ်ထိုးအပြင် ကြာဇံကြော်၊ ဝက်ဦးနှောက်၊ ဝက်ခေါင်းသုပ်၊ ဝက်အခေါက်ကင်၊ အခေါက်ကင်ထမင်းပေါင်း၊ ကော်ရည်ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ကြက်သားလိပ်၊ ဝက်သားလိပ်နဲ့ကယားဝက်အူချောင်းတို့ရရှိနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ဆိုရင်လည်း အနည်းဆုံး (၁၀၀) ကျပ်ကနေ အများဆုံး (၃၅၀၀) ကျပ်ဖြစ်ပါတယ်။ ဆိုင်နေရာလေးကတော့ အင်းစိန်မြို့နယ် မင်းကြီးလမ်း မညက မှတ်တိုင်အနီးမှာဖြစ်ကာ နေ့လည်၁၂နာရီကနေ ညနေ၅နာရီခွဲအထိ ဖွင့်လှစ်ပြီး တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါတယ်။ဝက်သားတုတ်ထိုး ကြိုက်နှစ်သက်သူတွေအတွက် စျေးတန်ပြီးအရသာကောင်းတဲ့ စောဗိုက်ပူ ဝက်သားတုတ်ထိုး ဆိုင်လေးကို အင်းစိန်ဘက်ရောက်တဲ့အခါ ၀င်စားကြည့်နိုင်ဖို့ လမ်းညွန်ပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က