Apple ရဲ့ ပထမသုံးလပတ်ဘဏ္ဍာရေးကာလကတော့ ကုမ္ပဏီသမိုင်းမှာ စံချိန်တင်ဝင်ငွေနဲ့ အမြတ်အစွန်းရတဲ့ ကာလဖြစ်ခဲ့ပါပြီ။
အားလပ်ရက် Shopping ကာလဖြစ်တဲ့ အောက်တိုဘာကနေ ဒီဇင်ဘာလအထိ သုံးလပတ်အတွင်းမှာ Apple ဟာ Wall Street ရဲ့ ဈေးကွက်ခန့်မှန်းချက်ကို ကျော်လွန်ပြီး စံချိန်တင် ဝင်ငွေရခဲ့တာ ဖြစ်ပါတယ်။ The Verge သတင်းအရ iPhone 13 စီးရီးရောင်းအားနဲ့ ကုမ္ပဏီရဲ့ဝန်ဆောင်မှုစီးပွားရေး အဆက်မပြတ်တိုးတက်လာမှုကြောင့် Apple ဟာ သုံးလပတ်ဝင်ငွေ ဒေါ်လာ ၁၂၃.၉ ဘီလျံနဲ့ ရှယ်ယာတစ်စုပေါ် ၂.၁၀ ဒေါ်လာနှုန်း ရခဲ့တယ်လို့ ဆိုပါတယ်။
Photo: Wall Street Journal
Wall Street ရဲ့ ဈေးကွက်တင်ကြိုခန့်မှန်းချက်ထဲမှာ Apple ရဲ့ Q1 သုံးလပတ်ဝင်ငွေကို ဒေါ်လာ ၁၁၈.၆၆ ဘီလျံ နဲ့ ရှယ်ယာတစ်စုပေါ် ၁.၈၉ ဒေါ်လာနှုန်း ရမယ်လို့ တွက်ချက်ခဲ့တာပါ။ Apple သုံးလပတ်ဝင်ငွေဟာ Wall Street ခန့်မှန်းချက်ကို ကျော်လွန်ခဲ့တဲ့အပြင် အမြတ်ချည်းပဲ စံချိန်တင် ဒေါ်လာ ၃၄.၆ ဘီလျံအထိ ရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် Q1 သုံးလပတ်မှာ Apple ဟာ ဒေါ်လာ ၁၁၁ ဘီလျံ ဝင်ငွေရခဲ့ပြီး ဒါဟာ အဲ့ဒီအချိန်က စံချိန်သစ် တင်ခဲ့တဲ့ ဝင်ငွေလည်း ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ဒေါ်လာ ၁၂ ဘီလျံကျော် ဝင်ငွေပိုရလာခဲ့တာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပစ္စည်းသစ် Supply အဝင်ပြတ်လပ်မှုတွေ ရှိခဲ့ပေမယ့် iPhone ရောင်းအားဟာ အရင်နှစ်ကထက် ထိုးတက်ခဲ့ပါတယ်။ ခရစ္စမတ်အပါအဝင် နှစ်သစ်ကူးအားလပ်ရက်ကာလ ဈေးဝယ်ရာသီမှာ iPhone သစ်တွေ ဝယ်လိုအားအမြင့်ဆုံး ရောက်ခဲ့တာပါ။ စက်တင်ဘာလထဲမှာ မိတ်ဆက်လိုက်တဲ့ iPhone သစ်တွေထဲမှာ iPhone 13/13 mini /13 Pro နဲ့ 13 Pro Max တို့ ပါဝင်ခဲ့ပြီး iPhone ရောင်းအားကနေ ဒေါ်လာ ၇၁.၆၃ ဘီလျံ ရခဲ့ပြီး ဒါဟာ အရင်နှစ်ကာလတူထက် ၉% ရောင်းအားပိုခဲ့တာလည်း ဖြစ်ပါတယ်။
တခြားထုတ်ကုန်တွေဘက်မှာလည်း အရင်နှစ်တွေကထက် ရောင်းအားတက်လာခဲ့တယ်လို့ ဆိုပါတယ်။ Mac ထုတ်ကုန်ရောင်းအား ၂၅% တက်ခဲ့သလို ဝန်ဆောင်မှုစီးပွားရေးပိုင်းမှ အရင်နှစ် ၁၅.၇၆ ဘီလျံကနေ ဒေါ်လာ ၁၉.၅ ဘီလျံအထိ ၂၄% နဲ့ Apple Watch လိုမျိုး ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်ကနေ ဝင်တဲ့ ဝင်ငွေဟာ အရင်နှစ်ကာလတူဝင်ငွေ ဒေါ်လာ ၁၂.၉၇ ဘီလျံကနေ ဒေါ်လာ ၁၄.၇ ဘီလျံအထိ ၁၃% အထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပစ္စည်းသစ်အဝင် Supply ပြတ်လပ်မှုတွေကြောင့် iPad ရောင်းအားတစ်ခုပဲ ၁၄% ကျသွားခဲ့တာလို့ ဆိုပါတယ်။
Photo: Bloomberg
ထူးခြားမှုတစ်ခုကတော့ Macbook သစ်တွေ မိတ်ဆက်တာမျိုး မလုပ်တာတောင် Mac ထုတ်ကုန်ရောင်းအားဟာ အရင်နှစ် ဒေါ်လာ ၈.၆၈ ဘီလျံကနေ ဒေါ်လာ ၁၀.၉ ဘီလျံအထိ စံချိန်တင်ဝင်ခဲ့ပါတယ်။ ဒါဟာ Apple ရဲ့ ကိုယ်ပိုင် M1 Silicon Chips အသုံးပြုမှုကြောင့် ဝင်ငွေ ပိုရလာတာ ဖြစ်ပြီး Mac တွေအတွက် သုံးလပတ် ၆ ခုမှာ အကောင်းဆုံးကာလတွေ ဖြစ်ခဲ့တာပါ။
Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ကုမ္ပဏီဟာ ဒီဇင်ဘာသုံးလပတ်ထက် Supply အကျပ်အတည်းကြုံမှု လျော့ကျလာနိုင်တယ်လို့ ပြောထားတာကြောင့် နောက်သုံးလပတ်မှာလည်း ဝင်ငွေရလဒ်မြင့်တက်ဖို့ ရှိပါတယ်။