ရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၆)ရက်နေ့ မနက် (၇)နာရီဝန်းကျင်ခန့်က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီးမှာ မြေငလျင်လှုပ်ခတ်မှုဖြစ်ပွါးခဲ့ပါတယ်။

ရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေငလျင်ဌာနရဲ့တိုင်းတာချက်အရ သပိတ်ကျင်းမြို့တစ်ခုတည်းသာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ဟုတ်ပါတယ် ။ ဒီကနေ့မနက်က လှုပ်သွားတာ ။ တိုင်းတာချက်အရတော့ (၅.၃)အဆင့်ရှိတယ်။ တခြားနေရာတွေမှု လှုပ်ခတ်တာမျိုးတော့မတွေ့ရဘူး သပိတ်ကျင်းတစ်ခုပဲ”လို့ မြေငလျင်ဌာနမှ ဒေါက်တာ ယဉ်မျိုးမင်းထွေးက Duwun ကိုပြောပါတယ်။

မြေငလျင်ဌာနရဲ့ တိုင်းတာချက်အရ ဒီမနက်လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ သပိတ်ကျင်းမြို့တစ်ခုတည်းသာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်ဆိုပေမယ့် မြေငလျင်ဒဏ်ကို မန္တလေးမှာလည်း သိသိသာသာခံစားခဲ့ရတယ်လို့ သိရပါတယ်။

“ ကျွန်တော်က (၆)လွှာမှာနေတာဆိုတော့ ငလျင်လှုပ်တာသိလိုက်တယ်။ မီးချောင်းတွေဘာတွေလှုပ်သွားတာ။ အချိန်က သိပ်မကြာဘူးစက္ကန့်ပိုင်းလေးပဲ။ ဒါပေမယ့်သိသိသာသာတော့ရှိတယ်”လို့ မန္တလေးမြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ 

“ ဟုတ်တယ် လှုပ်သွားတယ်။ အရမ်းပြင်းပြင်းထန်ထန်လှုပ်တာတော့ မဟုတ်ဘူး။ ငလှုပ်တယ်ဆိုတာတော့ သိတယ်ဆိုတဲ့ အနေအထားလောက်ပဲ”လို့ နောက်ထပ် မန္တလေး ဒေသခံတစ်ဦးကပြောပါတယ်။

ဒီမနက်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် မိုင် (၄၀)ခန့် အကွာအဝေးရှိတဲ့ သပိတ်ကျင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။


Share

က္က