ဒီရာသီခေါ်ယူထားတဲ့ ကစားသမားသစ်အားလုံးက အရပ် ၆ ပေနဲ့အထက်တွေချည်းပါပဲ။

စပါးအသင်းဟာ ဒီရာသီအတွက် ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူခဲ့ရာမှာ အဆိုပါကစားသမားအားလုံးက အရပ် ၆ ပေနဲ့အထက်ရှိတဲ့ သူတွေချည်းပဲဖြစ်နေခဲ့ပါတယ်။ အိုင်ဗန်ပါရီဆစ်၊ ဖရေဆာဖော်စတာ၊ ဘစ်ဆူးမား၊ ရစ်ချာလီဆန်၊ လန်ဂ်လက်၊ စပန်ဆီတို့ဖြစ်ပြီး အခုနောက်ဆုံးအနေနဲ့ ခေါ်ယူဖို့ နီးစပ်နေတဲ့ အူဒီးနီးစ်ကစားသမား အူဒိုဂီကလည်း အရပ် ၆ ပေနဲ့ ၂ လက်မရှိသူဖြစ်ပါတယ်။ 

ဒီကစားသမားသစ်တွေရဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့ ကြံ့ခိုင်မှုက စပါးအသင်းခေါင်းဆောင်ဟောင်းလက်ဒလေကင်းကိုတောင်မှ စိတ်ဝင်စားမှုတွေဖြစ်လာစေခဲ့တဲ့အထိပါပဲ။ အသင်းလူစာရင်းမှာ ဒီလိုမျိုး အရပ်အမောင်းမြင့်မားပြီး ခန္ဓာကိုယ်တည်ဆောက်မှုပိုင်းကောင်းမွန်တဲ့သူတွေကို မြင်တွေ့ရတဲ့အပေါ် စိတ်လှုပ်ရှားမိတယ်လို့ လက်ဒလေကင်းက ပြောဆိုခဲ့ကြောင်း The Sun က ဆိုပါတယ်။ 

ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် တောင်ကိုရီးယားကို ရောက်ရှိနေခဲ့တုန်းက စပါးနည်းပြကွန်တီက သူ့ရဲ့ဒီရာသီရည်မှန်းချက်က ပြိုင်ဘက်တွေကို ပိုမိုခြိမ်းခြောက်ဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ နောက်ထပ်ထူးခြားမှုတခုကတော့ စပါးရဲ့ လက်ရှိအမာခံပွဲထွက်လူစာရင်းက ကစားသမား ၁၁ ယောက်စလုံးကလည်း အရပ် ၆ ပေနဲ့အထက်တွေချည်းပဲ ဖြစ်နေတာပါ။ 

လိုရစ်၊ ဒီယာ၊ ရိုမီယို၊ လန်ဂ်လက်၊ ဒိုဟာတီ၊ ဟိုးလ်ဘာ့ဂျ်၊ ဘန်တန်ကာ၊ ကူလူဆက်ဗ်စကီ၊ ပါရီဆစ်၊ ကိန်း၊ ဆွန် တို့ဖြစ်ပါတယ်။ ကွန်တီအနေနဲ့ စပါးကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နေရာမှာ အရပ်အမောင်းအားသာချက်ကို အခွင့်အရေးတခုအဖြစ်နဲ့ သတ်မှတ်ထားတယ်လို့ ယူဆရပြီး ပြိုင်ဘက်အသင်းတွေကို ဒီအားသာချက်နဲ့ ထိုးနှက်နိုင်ဖို့လည်း ပြင်ဆင်ထားလောက်ပါတယ်။ 

ဒါ့အပြင် သူတို့တွေ ရောင်းထုတ်ဖို့ ကြိုးစားနေတဲ့ အန်ဒွန်ဘီလီ၊ လိုဆယ်ဆို၊ ဟယ်ရီဝင့်ခ် နဲ့ ရီဂွီလွန်တို့ကတော့ အရပ် ၆ ပေအောက်ကစားသမားတွေဖြစ်ပါတယ်။ လက်ရှိအသင်းမှာ အရပ် ၆ ပေအောက်ပဲရှိပြီး ကစားခွင့်ရနေတဲ့သူတွေကတော့ ဘင်ဒေးဗီး (၅ပေ ၁၁လက်မ)၊ ရိုင်ယန်ဆက်ဆက်နွန် ( ၅ ပေ ၁၀ လက်မ)၊ လူးကပ်မော်ရာ (၅ ​ပေ ၈ လက်မ) တို့ဖြစ်ပြီး ကွန်တီရဲ့အသင်းကိုတော့ ဒီရာသီမှာ ထူးထူးခြားခြားပုံစံနဲ့ မြင်တွေ့နေရပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က