နာမည်ကျော်အီတလီတိုက်စစ်မှူးဟောင်း ခရစ္စတီယန်ဗီယာရီက သူသာ လက်ရှိအချိန်မှာ ဘောလုံးကစားနေဦးမယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ ရရှိနေတဲ့ တနှစ်ဝင်ငွေထက် ပိုမိုရရှိလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ တနှစ်ကို ယူရိုသန်း ၃၀၀ ကနေ သန်း ၄၀၀ က ပြေးမလွတ်ဘူးလို့ အင်တာမီလန်တိုက်စစ်မှူးက ယုံကြည်မှုအပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။ ဗီယာရီကတော့ အသက် ၄၉ နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။
ဗီယာရီဟာ သူ့ရဲ့ ကစားသမားဘ၀အများစုကို အီတလီစီးရီးအေမှာ ကုန်ဆုံးခဲ့ပြီး ကလပ်ပွဲပေါင်း ၅၀၀ နီးပါးကစားခဲ့ကာ ၂၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ O'Jogo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး သူတို့ခေတ်ကသာ ဆိုရှယ်မီဒီယာကျောထောက်နောက်ခံရှိရင် ငွေအများအပြား ရရှိမယ်လို့ ဆိုပါတယ်။
"ကျနော်ကစားခဲ့တုန်း ဆိုရှယ်မီဒီယာသာ အားကောင်းခဲ့မယ်ဆိုရင် ကျနော်က မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက်တောင်မှ ပိုက်ဆံပိုရနိုင်ပါတယ်၊ ကျနော်က နှစ်လိုဖွယ်ရာကောင်းတဲ့သူပါ၊ နှစ်လိုဖွယ်အကောင်းဆုံးသူတွေထဲက တဦးလည်းဖြစ်ပါတ်ယ၊ ဒါက ဥရောပမှာပဲ မဟုတ်ဘူးနော်၊ တနှစ်ကို ကျနော် ယူရိုသန်း ၃၀၀၊ ၄၀၀ လောက် အသာလေးရနိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဗီယာရီကစားခဲ့စဉ်က Facebook က စတင်ထွက်ပေါ်ခါစသာရှိသေးပြီး တွစ်တာကတော့ မရှိသေးပါဘူး။ အီတလီတိုက်စစ်မှူးဟာ ၂၀၀၈-၀၉ မှာ ကစားသမားဘ၀ကနေ အနားယူခဲ့ပြီး ဆိုရှယ်မီဒီယာအားကောင်းတဲ့အချိန်မဟုတ်တာကို နောင်တရနေခဲ့ဟန်ရှိပါတယ်။ ဗီယာရီဟာ တိုရီနို၊ ပီစာ၊ ဗီနီဇီးယား၊ အတ္တလန္တာ၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ လာဇီယို၊ အင်တာမီလန်၊ အေစီမီလန်၊ မိုနာကို၊ ဖီအိုရင်တီးနားတို့မှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။