ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းမခံရဘဲ ကျန်နေရစ်ခဲ့တဲ့ တိုက်စစ်မှူးရောဘတ်တိုဖာမီနိုက သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကတဆင့် ရွေးချယ်ခံရသူတွေကို ဂုဏ်ပြုကြောင်း ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဟာ ကာတာကမ္ဘာ့ဖလားအတွက် ဘရာဇီးလ်နည်းပြတီထီက အပြီးသတ် ၂၆ ဦးစာရင်းကို ကြေညာချိန်မှာ ချန်လှပ်ခံခဲ့ရသူဖြစ်ပါတယ်။
ဒီရာသီမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြကစားပြီး ဂိုးတွေသွင်းယူနေပေမယ့်လည်း ဖာမီနိုက အံ့အားသင့်ဖွယ်ရာ ကျန်နေရစ်ခဲ့တာပါ။ ဂါဘရီရယ်ဂျီးဆပ်၊ မာတင်နယ်လီ၊ အန်တိုနီ၊ ရိုဒရိုင်ဂို၊ ဗင်နီရှပ်တို့ထက် ဂိုးပိုမိုသွင်းယူထားတဲ့ ဖာမီနိုကို ရွေးချယ်ခြင်းမရှိခဲ့လို့ ပရိသတ်တွေကြားမှာလည်း အမြင်အမျိုးမျိုးကွဲပြားနေခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ကာယကံရှင်ဖာမီနိုကတော့ "ကျနော့်ကို အားပေးတဲ့ မက်ဆေ့ချ်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကမ္ဘာ့ဖလားဆိုတာက ကစားသမားတိုင်းအတွက်၊ ကျနော့်အတွက် အိပ်မက်တခုပါပဲ၊ ဘာမှ ကွဲပြားခြားနားတာမျိုးမရှိပါဘူး၊ မနေ့က ကျနော့်ဘ၀မှာ စိတ်ကူးထားသလို၊ အိပ်မက်ထားသလိုမျိုးတော့ မဖြစ်လာခဲ့ပါဘူး"
"ဒါပေမယ့် ပြန်ကြည့်မယ်ဆိုရင် ဒီအခွင့်အရေးကို ဘုရားသခင်က ၂၀၁၈ မှာ ကျနော့်ကို ပေးထားခဲ့ပြီးပါပြီ၊ ဒီလိုပဲ တခြားလူတွေကိုလည်း ဘုရားသခင်က အခွင့်အရေးပေးထားပါတယ်၊ ဒီအခွင့်အရေးကိုရရှိပြီး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခေါ်ယူခံရသူအားလုံးကို ကျနော်ဂုဏ်ပြုပါတယ်" လို့ ရေးသားပြောဆိုသွားခဲ့ပါတယ်။
ဖာမီနိုအတွက်တော့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ကစားသမားဘ၀မှာ နောက်ဆုံးယှဉ်ပြိုင်ခွင့်ရမယ့် ပြိုင်ပွဲအဖြစ် ရှိနေခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ပရိသတ်တဦးအနေနဲ့သာ အားပေးရတော့မှာဖြစ်ပါတယ်။