ဒီရာသီမှာ သွင်းဂိုးမရသေးဘဲ ဂိုးပေါက်ပျောက်နေတာပါ။

ဒီရာသီမှာ ဂိုးပေါက်ပျောက်ဆုံးနေမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုလုံး၀မရှိဘူးလို့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအတွက်တော့ ဒီရာသီမှာ ဂိုးပေါက်ပျောက်ဆုံးနေပြီး စပါးကစားသမားဘ၀မှာ ဂိုးမိုးခေါင်မှုအခြေအနေကို အကြီးအကျယ်ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း တောင်ကိုရီးယားသားကတော့ "ကျနော် အသန်မာဆုံးနဲ့ ပြန်လာနိုင်မယ်ဆိုတာ ယုံကြည်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဆွန်ဟာ စပါးအတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားပေးထားရာမှာ ဖန်တီးမှုတကြိမ်တည်းသာ ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ကွန်တီကတော့ သူ့ရဲ့ကစားသမားကို ယုံကြည်မှုအပြည့်ပေးထားပြီး ပွဲထွက်လူစာရင်းမှာ အမြဲတမ်းထည့်သွင်းထားကာ မိနစ်အများအပြားကစားစေခဲ့ပါတယ်။ 

ဆွန်ဟောင်မင်က "ကျနော့်မှာ တိုးတက်မှုရှိဖို့လိုအပ်နေသေးတာကြောင့်လို့ပဲ ကျနော်ကတော့ ယူဆထားတယ်၊ အသင်းအဖွဲ့အနေနဲ့ရော၊ တဦးချင်းမှာပါ တိုးတက်ဖို့အတွက်ပါ၊ အရေးအကြီးဆုံးကတော့ ကျနော်တို့က အသင်းလိုက်ကောင်းကောင်းလုပ်နိုင်ဖို့ပဲ၊ အသင်းအတွက် လိုအပ်တာတွေအကုန်လုံးကို ကျနော်လုပ်သွားမှာပါ" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"ရိုးရိုးသားသားပြောရရင် ကျနော့်အတွက် အခွင့်အရေးမရဘူးဆိုရင်တော့ စိုးရိမ်မိမှာပေါ့၊ အခုကတော့ အခွင့်အရေးတွေရနေပါတယ်၊ တချို့ပွဲတွေမှာဆို ကျနော်ကံမကောင်းခဲ့ပါဘူး၊ တချို့ပွဲတွေကတော့ အဆုံးသတ်ညံ့ဖျင်းခဲ့တာပါ၊ တချို့ပွဲတွေမှာ ဒေါသထွက်မိတယ်၊ ဘာလို့လဲဆိုတော့ အခွင့်အရေးအကြီးကြီးရခဲ့ပြီးတော့ ဂိုးမသွင်းနိုင်ခဲ့လို့ပါ၊ ဒီအတွက်တော့ ကျနော်မစိုးရိမ်ပါဘူး၊ ဘာလို့လဲဆိုတော့ အသင်းမှာရှိသူတိုင်းက ကျနော့်ကို ကူညီပေးနေလို့ပါ"

"တဂိုးလောက်သွင်းနိုင်လိုက်ပြီဆိုရင်တော့ ကျနော်ပြန်လာနိုင်မှာပါ၊ ကျနော်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်၊ ဂိုးတွေလည်းအများကြီးသွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။ ဆွန်ဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဂိုး ၂၃ ဂိုးရရှိခဲ့ပြီး နောက်ဆုံးလိဂ်ပွဲ ၁၂ပွဲမှာ ၁၀ ဂိုးအထိ ရရှိကာ ခြေစွမ်းပြခဲ့ပြီး ရွှေဖိနပ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဆွန်ဟောင်မင်ကတော့ တောင်ကိုရီးယားကြယ်ပွင့်အဖြစ် အထင်ရှားဆုံးဖြစ်ကာ ဟမ်းဘတ်၊ လေဗာကူဆင်တို့မှာ ကစားခဲ့ပြီးနောက် စပါးကိုရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ စပါးမှာတော့ အကောင်းဆုံးခြေစွမ်းတွေပြသခဲ့ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီ ပရိးမီးယားလိဂ်

ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားအတွက်လည်း ၁၀၂ ပွဲကစားပေးထားကာ ၃၃ ဂိုးအထိသွင်းယူပေးပြီး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က