ရိုးမားမှာ ခြေစွမ်းပြနေပြီးနောက် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလိုက်ရတာပါ။

ဘရာဇီးလ်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရပြီးနောက် ရိုးမားနောက်ခံလူအိုင်ဘိုင်နက်က အသင်းနည်းပြမော်ရင်ဟိုကို ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီးလ်သားဟာ ရိုးမားမှာ မော်ရင်ဟိုရဲ့ အားကိုးရတဲ့ ကစားသမားတဦးအဖြစ် ခြေစွမ်းပြနေခဲ့ပြီးနောက် လက်ရွေးစင်အသင်းက ရွေးချယ်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ 

အိုင်ဘိုင်နက်ဇ်က ဒီရာသီမှာ ရိုးမားအတွက် စီးရီးအေ ၇ ပွဲကစားပေးထားပြီး ၁ ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ပြိုင်ပွဲစုံ ၅၁ ပွဲအထိ ကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူကာ ရိုးမားရဲ့ အမာခံခံစစ်မှူးအဖြစ် မော်ရင်ဟိုရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။ ဘရာဇီးလ်အတွက် ရွေးချယ်ခံရပြီးချိန်မှာ အိုင်ဘိုင်နက်ဇ်က GloboEsporte ကတဆင့် အခုလိုပြောဆိုခဲ့ပါတယ်။ 

"ဒီလိုရွေးချယ်ခံရမယ်လို့ ကျနော်မမျှော်လင့်ခဲ့ဘူး၊ ကျနော်က အိမ်မှာ မိသားစုနဲ့အတူ ရုပ်ရှင်တခုကြည့်နေတာ၊ အဲဒီအချိန်မှာ အပြင်ကပြန်လာတဲ့ ယောက်ဖက မင်းကို ဘရာဇီးလ်က ခေါ်နေပြီတဲ့၊ ကျနော် မယုံကြည်ခဲ့ဘူး၊ အဲဒီနောက် တီထီရဲ့ ရွေးချယ်မှုကို တိုက်ရိုက်ထုတ်လွှင့်နေတာကို ကျနော်ကြည့်တော့ ကျနော့်နာမည်ကို ကြားလိုက်ရတယ်"

"ဒီတော့မှ တကယ်ပဲဆိုတာ ကျနော်သိလိုက်ရတယ်၊ အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်၊ ကျနော့်မိသားစုလည်း ပျော်ရွှင်နေခဲ့ကြပါတယ်၊ ဖုန်းတွေလည်း ဆက်တိုက်ကို ဆက်လာကြတယ်၊ ဒီအတွက်တော့ ကျနော် မော်ရင်ဟိုကို အရမ်းကျေးဇူးတင်ပါတယ်၊ သူ ရောက်လာကတည်းက ကျနော့်ကို ယုံကြည်မှုပေးခဲ့သလို ကွင်းထဲမှာလည်း လွတ်လွတ်လပ်လပ်ကစားခွင့်ပေးခဲ့ပါတယ်"

"အကြံဉာဏ်တွေပေးတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေကို ပြောပြတယ်၊ဒါက ကျနော့်အတွက် အများကြီးအရေးပါခဲ့ပါတယ်၊ တီထီနဲ့စကားပြောခဲ့ချိန်မှာ ကျနော့်ကို ယုံကြည်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်း​ ပြောခဲ့ပါတယ်" လို့ အိုင်ဘိုင်နက်ဇ်က ပြောဆိုခဲ့ပါတယ်။ ဘရာဇီးလ်ကတော့ နိုင်ငံတကာပွဲတွေအတွက် ဂါနာ၊ တူနီးရှားတို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။ 

Share

က္က