ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်ခဲ့အပြီးမှာတော့ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာက သူ့ စံနမူနာယူခဲ့ရတဲ့ ကစားသမားနှစ်ဦးကို ထုတ်ဖော်ပြောဆိုပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံသွင်းဂိုး ၄၄ ဂိုးနဲ့ ဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဘလွန်းဒီအောဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့ကာ အားလုံးယူဆထားတဲ့အတိုင်း ဖြစ်လာခဲ့တာပါ။
ဆုလက်ခံရယူစဉ်မှာ ဘန်ဇီမာက ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး ဘလွန်းဒီအောဆုရဖို့အတွက် သူ ကြိုးစားအားထုတ်ခဲ့ကြောင်းနဲ့ အရှုံးမပေးခဲ့ဘူးလို့ ဆိုပါတယ်။ ဒီအတွက်လည်း ဂုဏ်ယူမိပြီး အရမ်းပျော်ရွှင်မိတယ်လို့ ဆိုခဲ့ပါတယ်။ ဘန်ဇီမာဟာ အသက် ၃၄ နှစ်အရွယ်မှာမှ ဒီဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အသက်အကြီးဆုံးဆွတ်ခူးနိုင်သူအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
"ကျနော့်အတွက် အရမ်းကို ဂုဏ်ယူစရာပါပဲ၊ ကျနော် အားလုံးလုပ်ခဲ့ရတယ်၊ အရှုံးမပေးခဲ့ဘူး၊ ကျနော် စံနမူနာယူရတဲ့ ကစားသမားနှစ်ဦးရှိခဲ့ပါတယ်၊ ဇီဒန်း နဲ့ ရော်နယ်ဒိုပါ၊ ဘလွန်းဒီအောဆုရဖို့ အမြဲတမ်းစိတ်ထဲမှာ အိပ်မက်မက်ထားခဲ့ပြီး လုပ်နိုင်သမျှအားလုံးလုပ်ခဲ့ပါတယ်၊ ပြင်သစ်အတွက် မကစားပေးရချိန်မှာ ကျနော့်အတွက် ခက်ခဲခဲ့တယ်၊ ဒါပေမယ့် အလုပ်ကြိုးစားပြီး အရှုံးမပေးခဲ့ဘူး"
"ကျနော့်ခေါင်းထဲမှာ အမြဲတမ်းတွေးခဲ့ပြီး ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကစားခဲ့ပါတယ်၊ ကျနော့်ကစားသမားဘ၀ခရီးအတွက် အရမ်းဂုဏ်ယူမိတယ်၊ အဲဒါက လွယ်တော့မလွယ်ခဲ့ပါဘူး၊ ခက်ခဲခဲ့ပါတယ်၊ ကျနော့်အတွက်၊ ကျနော့်မိသားစုအတွက်ပေါ့၊ ဒီနေ့ဆိုရင် ဒါက ကျနော့်အတွက် ပထမဆုံးရရှိတာပါပဲ၊ တကယ်ကို အရမ်းအရမ်းပျော်ရွှင်ရပါတယ်၊ အသင်းဖော်တွေ၊ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရွေးစင်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဘန်ဇီမာက ပြောဆိုသွားခဲ့ပါတယ်။