ဆီနီဂေါနဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဆာဒီယိုမာနေးကတော့ ဘလွန်းဒီအောဆုစာရင်းမှာ အဆင့် ၂နေရာကို ရရှိခဲ့ပြီး သူ့ရဲ့ လူသားအကျိုးပြုလုပ်ဆောင်ခဲ့မှုတွေအတွက်လည်း ဆိုခရေတီဆိုတဲ့ ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆိုခရေတီးဆုကိုတော့ ဒီနှစ်မှာမှ စတင်ပေးအပ်ခဲ့တာဖြစ်ပြီး မာနေးက ပထမဆုံးရယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သူ့ရဲ့ ပရိသတ်တွေအားလုံးကို ကျေနပ်နှစ်သိမ့်စေခဲ့ပါတယ်။
ဘလွန်းဒီအောဆုမှာ အဆင့် ၂ နေရာကို ရရှိခဲ့တာကလည်း တော်တော်လေးကို ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ အာဖရိကသားတွေအနေနဲ့ ဂျော့ဝီယာနောက်ပိုင်းမှာ ဘလွန်းဒီအောဆုကို မဆွတ်ခူးနိုင်ခဲ့ဘဲရှိနေပြီး မာနေးက အခုလို အဆင့် ၂ နေရာရရှိခဲ့တာက အမြင့်မားဆုံးအဆင့်မှာ ရပ်တည်နိုင်မှုလည်းဖြစ်လာခဲ့ကာ အာဖရိကသားတွေ မညံ့ဘူးဆိုတာကို သက်သေပြရာလည်းရောက်ခဲ့ပါတယ်။
ဆုလက်ခံရယူပြီး ကျေးဇူးတင်စကားပြောဆိုခဲ့ရာမှာတော့ မာနေးက "ဧည့်သည်တဦးအနေနဲ့ ဒီနေ့ညကို တက်ရောက်ခွင့်ရဖို့ အရမ်းပျော်ရွှင်မိပါတယ်၊ တခါတလေမှာ ကျနော်က နည်းနည်းရှက်တတ်တယ်၊ ဒါပေမယ့် လူတွေအတွက် ကောင်းမွန်တဲ့အရာတွေကိုလုပ်ပေးဖို့ ကျနော်တတ်နိုင်တာတွေကို လုပ်ဆောင်ပေးရတာကိုလည်း တကယ်ပျော်ရွှင်မိပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဆိုခရေတီဆုကတော့ ကိုရင်သီယန်ဒီမိုကရေစီလှုပ်ရှားမှုကို ပူးတွဲလုပ်ဆောင်ခဲ့တဲ့ ဘရာဇီးလ်နာမည်ကျော်ကစားသမားဟောင်း ဆိုခရေတီရဲ့ နာမည်ကိုပေးထားတာဖြစ်ပါတယ်။ မာနေးက သူ့ရဲ့ ဇာတိရွာဘမ်ဘလီမှာ ဆေးရုံ၊ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးခဲ့ပြီး စွမ်းအင်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေပါ တိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဆင်းရဲချို့တဲ့တဲ့ ရွာသားတွေအတွက်လည်း လစဉ် တအိမ်ထောင်ချင်းစီကို ထောက်ပံ့ပေးနေခဲ့ပြီး ထူးချွန်တဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း ထောက်ပံ့ပေးနေခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ရပ်အတွက် အခုလိုမျိုး ဆု ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့မှန်ကန်တဲ့စေတနာ နဲ့ လုပ်ရပ်တွေကို အားလုံးက ချီးကျူးအသိမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။