မန်စီးတီးနဲ့ပွဲမှာ အသင်းကို ဦးဆောင်ခွင့်ရမယ်လို့ ရော်နယ်ဒိုက မျှော်လင့်ခဲ့ပေမယ့်လည်း လူစာရင်းမှာမပါဝင်ခဲ့ပါဘူး။ The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ပေါ်တူဂီကို ပြန်သွားခဲ့တယ်လို့ ယုံကြည်ရပြီး သူ ဒဏ်ရာကြောင့်မပါဝင်နိုင်တာလို့ ပြောဆိုခဲ့တဲ့ နည်းပြရန်းဂ်နစ်ခ်ရဲ့ ပြောစကားနဲ့ ကွဲပြားနေပါတယ်။
မန်စီးတီးနဲ့ပွဲအတွက် အသင်းလူစာရင်းမှာ သူမပါဝင်ဘူးလို့ သိလိုက်ရချိန်မှာ ရော်နယ်ဒိုတယောက်အံ့အားသင့်ခဲ့ရတယ်လို့လည်း သတင်းတွေထွက်လာပါတယ်။ လူစားဝင်ကစားသမားအဖြစ်နဲ့သာ သူ့ကိုထားရှိမယ်လို့ ရန်းဂ်နစ်ခ်ကပြောဆိုခဲ့ကြောင်းသိရပြီး နည်းပြနဲ့ သူနဲ့ကြားမှာ အငြင်းပွားမှုတွေရှိခဲ့ကာ ဒီဆုံးဖြတ်ချက်အပေါ် ဒေါသထွက်ခဲ့ပြီး ပေါ်တူဂီကိုပါ ပြန်သွားခဲ့တယ်လို့ ယူဆရပါတယ်။
ဒီပွဲမတိုင်ခင်ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ရော်နယ်ဒိုကောင်းကောင်းလုပ်နိုင်ခဲ့ပေမယ့် သူ့ကိုမထည့်သွင်းခဲ့တဲ့အပေါ် အသင်းဖော်တွေကလည်း အံ့အားသင့်နေတယ်လို့ ဆိုပါတယ်။ cr7.0_lendario ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာလည်း "ရော်နယ်ဒိုက ဒဏ်ရာလည်းမရသလို ဖျားလည်းမဖျားဘူး၊ ရာနှုန်းပြည့်ကောင်းမွန်နေတယ်၊ ဒါပေမယ့် ရန်းဂ်နစ်ခ်က သူ့ကို မန်စီးတီးနဲ့ပွဲမှာ နည်းစနစ်အကြောင်းပြချက်နဲ့ ချန်လှပ်မှာ"
"သူ အရန်စာရင်းမှာတောင်ပါမှာမဟုတ်ဘူး" လို့ ပွဲမတိုင်ခင် ရေးသားခဲ့ပါတယ်။ အဆိုပါအကောင့်ဟာ ရော်နယ်ဒို Follow လုပ်တဲ့ အနည်းငယ်သောအကောင့်တွေထဲက တခုဖြစ်ပြီး ဒီရေးသားထားတဲ့ပို့စ်ကိုလည်း သူ့အစ်မဖြစ်သူက Like နှိပ်ထားခဲ့ပါတယ်။ ဒီပွဲအတွက် ရော်နယ်ဒိုက အားခဲထားခဲ့တယ်လို့လည်း သိရပြီး တကယ်တမ်းမှာတော့ သူ ကစားခွင့်မရခဲ့ပါဘူး။
ဒါဟာ ယူနိုက်တက်အသင်းတွင်းမှာ အက်ကြောင်းတွေထနေပြီလားဆိုတာ တွေးစရာလည်းဖြစ်လာခဲ့ပါတယ်။ ရန်းဂ်နစ်ခ်ကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး ကစားသမားဘက်ကတော့ အခုချိန်ထိ ထုတ်ဖော်ပြောဆိုမှု ဘာတခုမှမရှိသေးပါဘူး။ မန်ချက်စတာဒါဘီမှာတော့ ယူနိုက်တက်က မန်စီးတီးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ရော်နယ်ဒိုသာ ပါခဲ့ရင် အရေးနိမ့်ခဲ့ရင်တောင် အခုလိုရုပ်ပျက်ဆင်းပျက်ဖြစ်မှာမဟုတ်ဘူးလို့လည်း ပရိသတ်တွေက ပြောဆိုနေကြပါတယ်။