အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုကို အဲဗာတန်နဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းမှုနဲ့ပတ်သက်ပြီး နည်းပြဟောင်းဖာဂူဆန်အပါအဝင် ကစားသမားဟောင်းတွေကြား အငြင်းပွားမှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။
ရော်နယ်ဒိုက သူ့အနေနဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းကို ပါဝင်ကစားနိုင်ဖို့ ကြံ့ခိုင်မှုအပြည့်အဝရှိကြောင်း နည်းပြဆိုးလ်ရှားကို ပြောဆိုထားတယ်လို့ The Sun က ဆိုပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ အဲဗာတန်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အရန်ခုံမှာသာ ရှိနေခဲ့ပြီး ဒီလိုလုပ်ခဲ့တဲ့အပေါ်မှာ စိတ်ပျက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။
ဆိုးလ်ရှားကတော့ သူ့ကစားသမားဆီက အကောင်းဆုံးပုံစံကို ရယူဖို့နဲ့ ကစားသမားရဲ့ အနေအထားကိုကြည့်ကာ သူ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အနားပေးချိန်တွေမှာ အခြားသောကစားသမားတွေကိုလည်း အခွင့်အရေးပေးဖို့ ဆိုးလ်ရှားက ရည်ရွယ်ခဲ့ဟန်ရှိပြီး အသင်းရလဒ်မကောင်းချိန်မှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်က မှားယွင်းခဲ့တယ်လို့ ယူဆခံခဲ့ရပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။