ခရစ္စတီယာနိုရော်နယ်ဒိုကတော့ တချိန်တုန်းက သူ ပြောဆိုခဲ့ဖူးတဲ့ နာမည်ကျော်စကားတခွန်းကို သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ပြန်လည်ဖော်ပြပြီး နောက်တကြိမ် အသက်သွင်းလိုက်ပါတယ်။ ပရိုကစားသမားဖြစ်လာဖို့အတွက် သူ ကြိုးစားနေချိန်မှာ အသင်းဖော်တွေကို ပြောဆိုခဲ့တဲ့ စကားဖြစ်ပြီး အဆိုပါပြောစကားကလည်း ကမ္ဘာကျော်ခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ စပို့တင်းအကယ်ဒမီမှာ လေ့ကျင့်ခဲ့ပြီး အသင်းကြီးအတွက် ပွဲအနည်းငယ်သာ ကစားပေးရချိန်မှာပဲ မန်ချက်စတာာယူနိုက်တက်ကို ရောက်ရှိခဲ့တာပါ။ အဲဒီမှတဆင့် ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့မှာ ကစားခဲ့ကာ အခုတော့ အယ်လ်နာဆာမှာ ကစားနေတာဖြစ်ပါတယ်။
သူ ပြန်လည်ပြီးတော့ ဖော်ပြခဲ့တဲ့ စကားကတော့ "ကျနော့် အသက် ၁၅ နှစ်တုန်းကပါ၊ လေ့ကျင့်ရေးကွင်းမှာ ကျနော့်အသင်းဖော်တွေကို လှည့်ပြီး ပြောခဲ့တာပါ၊ အတိအကျနဲ့ ရှင်းရှင်းလင်းလင်းကို ကျနော်မှတ်မိတယ်၊ တနေ့မှာ ငါ ကမ္ဘာ့နံပါတ်တစ် ဖြစ်ရမယ်ဆိုပြီးတော့ ပြောခဲ့တာပါ" ဆိုတာပါ။
ရော်နယ်ဒိုဟာ သူပြောဆိုခဲ့တဲ့အတိုင်းလည်း လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့အကျော်ကြားဆုံးကစားသမားတွေထဲက တဦးဖြစ်လာခဲ့ပါတယ်။ အောင်မြင်မှုအများအပြား၊ စံချိန်မှတ်တမ်းအများအပြားကိုလည်း ရယူပိုင်ဆိုင်နိုင်ခဲ့ပြီး ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးတွေထဲက တဦးအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။