ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပေါ်တူဂီ ထွက်ခဲ့ရပြီးနောက်မှာ အသင်းခေါင်းဆောင်ရော်နယ်ဒိုတယောက် မျက်ရည်လည်ရွဲနဲ့ ကွင်းအတွင်းက ထွက်ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့ ငိုကြွေးမှုက အားလုံးအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ရပြီး သူ့ရဲ့ ပရိသတ်တွေအားလုံးကလည်း ပေါ်တူဂီသားအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ လူမှုကွန်ယက်တွေမှာ ရေးသားပြောဆိုခဲ့ကြပါတယ်။
ရော်နယ်ဒိုကိုယ်တိုင်လည်း သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ သူ့ရဲ့ခံစားချက်တွေကို ဝေမျှခဲ့ပြီး ပေါ်တူဂီကို ဘယ်တော့မှကျောခိုင်းမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ရော်နယ်ဒိုကို ဝေဖန်မှုတွေပြုလုပ်လေ့ရှိတဲ့ အီတလီတိုက်စစ်မှူးဘာလော့တယ်လီက ပေါ်တူဂီသားဟာ ဒီထက်မကတဲ့ ထိုက်တန်မှုတွေ ရရှိခဲ့သင့်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားကာ အားပေးခဲ့ပါကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။
ဘာလော့တယ်လီက "ကျနော်က သူ့ရဲ့ ပရိသတ်မဟုတ်ပါဘူး၊ ဒါကို အားလုံးလည်း ကောင်းကောင်းသိမှာပါ၊ ဒါပေမယ့်လည်း ဘောလုံးအတွက် သူ အရာအားလုံးကို လုပ်ပြနိုင်ခဲ့ပါတယ်၊ သူက ဒီထက်မကတဲ့ လေးစားမှုမျိုး ရရှိသင့်ပါတယ်" လို့ ရေးသားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို အရန်ခုံမှာထားခဲ့မှုအတွက်လည်း ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်ကို ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ပေါ်တူဂီဂန္ထဝင်ကစားသမားဖီဂိုကိုယ်တိုင်က ဒီလိုကစားသမားကို အရန်ခုံထားခဲ့ရင် ကမ္ဘာ့ဖလားကို ရယူနိုင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကာ ရော်နယ်ဒိုရဲ့ မသင့်မြတ်တဲ့ ဘာလော့တယ်လီကလည်း အလားတူမှတ်ချက်မျိုးကို ရေးသားခဲ့တာဖြစ်ပါတယ်။