ရိုးမားကတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ နယ်သာလန်ကလပ် ဖီယင်နုကို ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမှာ ရိုးမားက အနိုင်ရဗိုလ်စွဲခဲ့ပြီး ဒီရာသီယူရိုပါလိဂ်မှာ ပြန်လည်တွေ့ဆုံချိန်မှာတော့ ဖီယင်နုက လက်စားပြန်ချေနိုင်ခဲ့ကာ ရောမမှာ ကစားရမယ့် ဒုတိယအကျော့ကို သရေကစားနိုင်ခဲ့မယ်ဆိုရင် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ရိုးမားနည်းပြမော်ရင်ဟိုတယောက် သူ့ရဲ့ ထုံးစံအတိုင်း နယ်သာလန်သတင်းထောက်နဲ့ အပြန်အလှန် အမေးအဖြေလုပ်ရင်း ပရိသတ်တွေကို ဖျော်ဖြေသွားခဲ့ပါတယ်။ မော်ရင်ဟိုက စကားတတ်သူပီပီ နယ်သာလန်သတင်းထောက်ကို ချက်ကောင်းထိအောင် ပြန်လည်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
သတင်းထောက်က "နောက်ပွဲမှာ အနိုင်ယူဖို့ ခင်ဗျား ဘာတွေလုပ်ရမလဲ" လို့ မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက "ဂိုးသွင်းရမှာပေါ့၊ ဘောလုံးကို လေးထောင့်အကွက်ထဲ ဝင်အောင် ထည့်ရတာလေ၊ ရှင်းရှင်းလေးပါ၊ သိတယ်မို့လား" လို့ ခပ်ပြုံးပြုံးလေးနဲ့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။
သတင်းထောက်က "ဒီနေ့တော့ ခင်ဗျားမလုပ်နိုင်ခဲ့ဘူးနော်" လို့ ထပ်မေးခဲ့ပြီး မော်ရင်ဟိုက "မင်း ပွဲကြည့်ခဲ့တာပဲလေ" လို့ ခပ်ပြတ်ပြတ်သာပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာ "ဒါပေမယ့် ခင်ဗျားအသင်း အခွင့်အရေးတွေ ရခဲ့တယ်လေ" လို့ နောက်တကြိမ်ထပ်မေးခဲ့ပြီး မော်ရင်ဟိုက "ဘောလုံးဆိုတာက ဂိုးရအောင် သွင်းနိုင်ဖို့ကို ဆိုလိုတာပဲ။ အခွင့်အရေးတွေရအောင် လုပ်တာမျိုးကို မဆိုလိုဘူး" လို့ ပြန်ပြောခဲ့ပါတယ်။
"ဒါဆိုရင် အခွင့်အရေးတွေထက် ဂိုးရဖို့ပဲ အရေးကြီးတယ်ဆိုတာကို ခင်ဗျား လက်ခံတယ်ပေါ့" လို့ သတင်းထောက် ထပ်ပြောခဲ့ရာမှာ မော်ရင်ဟိုက "မင်းက အခုမှ ဒါကို သဘောတူလားလုပ်နေတယ်၊ ပြီးခဲ့တဲ့ ၁၀ လုံးမှာ မင်းငိုနေခဲ့ရတာမဟုတ်လား" လို့ ဆိုကာ ရိုးမားက ဖီယင်နုကို ၁-၀ နဲ့ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တာကို ရည်ရွယ်ကာ ပြန်ပြောခဲ့လို့ အားလုံးပွဲကျခဲ့ရပါတယ်။
သတင်းထောက်က သူ ငိုခဲ့ရတယ်လို့ ရယ်မောပြီး ပြန်ပြောချိန်မှာတော့ မော်ရင်ဟိုက "မငိုပါနဲ့၊ ငိုစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ရှုံးပြီးသားပဲလေ၊ ဘယ်တော့မှ ပြန်မနိုင်တော့ဘူး၊ ဒါပေမယ့် အခုကတော့ ပွဲမပြီးသေးဘူး၊ ပထမပိုင်းပဲရှိသေးတယ်၊ ငါကတော့ ရှုံးခဲ့ရင်တောင် အေးအေးအိပ်နေမှာ၊ ၁၀ လောက်တော့ အိပ်မက်ဆိုးကြီးဖြစ်နေမှာမဟုတ်ဘူး" လို့ ထပ်ပြောသွားခဲ့ပါတယ်။