ဘလွန်းဒီအောဆုကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာက ၂၀၀၉ ခုနှစ်မှာ သူ့ကို ရီးရဲလ်မက်ဒရစ်နဲ့အတူ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်တို့ကလည်း ကမ်းလှမ်းခဲ့ပေမယ့် ဘာနေဗျူးကို ဘာလို့ရွေးချယ်ခဲ့ရလဲဆိုတာကို ဖွင့်ဟသွားခဲ့ပါတယ်။ ထိုစဉ်က သူ့အိမ်ကို ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ကိုယ်တိုင်က လာရောက်ကာ စည်းရုံးခဲ့တယ်လို့ ဘန်ဇီမာက ဆိုပါတယ်။
အသက် ၁၅ နှစ်အရွယ်ကတည်းက ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့ အိပ်မက်မက်ခဲ့တယ်လို့ ပြောဆိုထားတဲ့ ဘန်ဇီမာဟာ အသက် ၂၁ နှစ်အရွယ်မှာပဲ ထင်ပေါ်ကျော်ကြားနေခဲ့ပြီး လိုင်ယွန်နဲ့အတူ ခြေစွမ်းပြနေခဲ့တာပါ။ ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့ ယူနိုက်တက်၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ကလည်း ဘန်ဇီမာကို စိတ်ဝင်စားခဲ့ပေမယ့် ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။
ဘန်ဇီမာက "ကျနော့်ကို ကလပ်အသင်းအနည်းငယ်က ဆက်သွယ်ခဲ့ပါတယ်၊ ယူနိုက်တက်၊ အင်တာနဲ့ ဘာစီလိုနာတို့ပေါ့၊ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကိုသွားဖို့ ကျနော်ဆုံးဖြတ်ခဲ့တယ်၊ သူငယ်ချင်းတွေနဲ့အတူရှိနေခဲ့တာကို ကျနော်မှတ်မိတယ်၊ ကျနော့်မိသားစုနဲ့ အေးဂျင့်က အိမ်ကို အမြန်ပြန်လာ၊ မင်း စကားပြောဆိုရဖို့ရှိတယ်ဆိုပြီး ဖုန်းဆက်လှမ်းပြောတယ်"
"ဒါနဲ့ ကျနော်က ငါ့မှာ အချိန်မရှိဘူးလို့ ပြန်ပြောခဲ့တော့ သူတို့က အိမ်ကိုသာလာခဲ့၊ ဒီမှာ ဖလော်ရင်တီနိုရောက်နေတယ်တဲ့၊ အိမ်ကိုရောက်ပြီး တံခါးဖွင့်ချိန်မှာ သူ့ကို တွေ့လိုက်ရတော့တာပဲ၊ ဟဲလိုဆိုတာကလွဲလို့ ဘာမှကို ကျနော်မပြောနိုင်တော့ဘူး၊ မင်းက ကမ္ဘာ့အကောင်းဆုံးဖြစ်လာလိမ့်မယ်၊ မက်ဒရစ်မှာဆို အောင်မြင်မှုတွေရမယ်လို့ ပီရက်ဇ်က ပြောခဲ့ပါတယ်" လို့ Onda Cero နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာတော့ ဘန်ဇီမာက ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ လုံးအပါအဝင် အောင်မြင်မှုအများအပြားဆွတ်ခူးနိုင်ခဲ့ပြီး ၃၂၈ ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။