ဂရစ်ဇ်မန်းအတွက် ဘာစီလိုနာတို့ စိတ်ပူနေရတာပါ။

အက်သလက်တီကို,ကို အငှားနဲ့သွားကစားနေတဲ့ ဘာစီလိုနာတိုက်စစ်ကစားသမား ဂရစ်ဇ်မန်းရဲ့ ပွဲကစားခွင့် အနေအထားနဲ့ ပတ်သက်လို့ ကတ်တလန်အခြေစိုက်အသင်းဘက်က စိုးရိမ်မကင်းဖြစ်နေပါတယ်။ ဂရစ်ဇ်မန်းကို ဘာစီလိုနာတို့ (၂) ရာသီ အငှားစာချုပ်နဲ့ အက်သလက်တီကိုထံ စေလွှတ်ထားတာပါ။



အငှားစာချုပ်ကုန်ဆုံးသွားတဲ့အချိန်ကျရင် အက်သလက်တီကိုအနေနဲ့ အဆိုပါ ပြင်သစ်တိုက်စစ်ကစားသမားကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးဝယ်ယူဖို့အတွက်တော့ သဘောတူညီမှုတခုရှိနေပါတယ်။ ဒါကတော့ ဂရစ်ဇ်မန်းအနေနဲ့ အက်သလက်တီကိုမှာ ပွဲစဥ်တွေရဲ့ (၅၀) ရာခိုင်နှုန်းကို ကစားခွင့်ရရှိမှသာ အက်သလက်တီကိုက ဝယ်ယူမှာပါ။

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ရာသီမှာ အက်သလက်တီကိုအသင်းပွဲစဥ်တွေရဲ့ (၈၁) ရာခိုင်နှုန်းမှာ အနည်းဆုံး (၄၅) မိနစ်အထိ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီအဖွင့်နှစ်ပွဲပေါင်းမှာတော့ ဂရစ်ဇ်မန်းတယောက် စုစုပေါင်း ပွဲကစားချိန် (၂၈) မိနစ်သာရရှိထားပါသေးတယ်။ အက်သလက်တီကိုအတွက် ယာအိုဖီးလစ် ခြေစွမ်းပြနေသလို မိုရာတာလည်း ပြန်လည်ရောက်ရှိလာတာကြောင့် ဂရစ်ဇ်မန်းတယောက် ရုန်းကန်နေရတာပါ။

ဆီမြွန်နီကလည်း ဒီရာသီမှာ ဂရစ်ဇ်မန်းကို ဦးစားပေးကစားသမားအဖြစ် မသတ်မှတ်ထားဘဲ ဘာစီလိုနာအနေနဲ့ လာမယ့်နွေရာသီမှာ အက်သလက်တီကိုဆီက ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) မရရှိမှာကို စိုးရိမ်လာကြောင်း စပိန်အခြေစိုက်သတင်းတွေက ဖော်ပြလာပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာကို ကြုံရာနည်းလမ်းတွေနဲ့ ဖြေရှင်းနေရပြီး လာမယ့်ရာသီတွေမှာလည်း ဆက်လက်ဖြေရှင်းရဖွယ်ရှိနေပါတယ်။

အဲ့ဒါကြောင့်လည်း ဂရစ်ဇ်မန်းကိုသာ ရောင်းချဖြစ်ခဲ့ရင် အက်သလက်တီကိုဆီက ရရှိမယ့် ယူရိုသန်း (၄၀) က ဘာစီလိုနာအတွက် အဖိုးတန်နေမှာပါ။ အက်သလက်တီကိုနဲ့နည်းပြဆီမြွန်နီကတော့ ဂရစ်ဇ်မန်းကို ရည်ရွယ်ချက်ရှိရှိနဲ့ အရံခုံထိုင်ခိုင်းထားဖွယ်ရှိပြီး ဂရစ်ဇ်မန်းအတွက် လိုအပ်တဲ့ ပွဲကစားချိန်မပြည့်မှီခဲ့ရင် အပြီးသတ်ခေါ်ယူစရာမလိုဘဲ ဘာစီလိုနာလည်း အလိုအလျောက် ဒုက္ခရောက်သွားနိုင်ဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က