ယူနိုက်တက်နဲ့ လေ့ကျင့်ခန်းပြန်ဆင်းဖို့ ရော်နယ်ဒိုပြင်ဆင်နေပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့က ကာရင်တန်ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလာရောက်ခဲ့ပြီး ကြံ့ခိုင်မှုစစ်ဆေးမှုနဲ့ ဆေးစစ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီကစားသမားက အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တာမျိုးမရှိပေမယ့် အသင်းကိုပြန်လည်သတင်းပို့တဲ့ ပထမဆုံးနေ့ရက်မှာ လုပ်ဆောင်ရတဲ့အတိုင်း ဆောင်ရွက်ခဲ့တာပါ။



ဒါ့အပြင် ရော်နယ်ဒိုက ယူနိုက်တက်တို့ ဝရက်စ်ဟမ်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကာရင်တန်က တံခါးပိတ်ခြေစမ်းပွဲကိုလည်း ကြည့်ရှုခဲ့ပါတယ်။ ဒီပွဲမစခင်မှာ ရော်နယ်ဒိုကို ယူနိုက်တက်ကစားသမားတွေက အရင်တိုင်း နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အသင်းဖော်တွေဟာ ရော်နယ်ဒို မလိုက်ပါခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲတွေက အတွေ့အကြုံတွေအကြောင်းနဲ့ သူတို့ရဲ့ အစုအဖွဲ့တွေအကြောင်းကို ရော်နယ်ဒိုကိုရှင်းလင်းပြောပြခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အေးအေးဆေးဆေးရှိနေခဲ့ပြီး ကစားသမားတွေကို ဦးဆောင်စကားပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အသင်းမှာရှိတဲ့ ဘရာဇီးနဲ့ပေါ်တူဂီကစားသမားတွေအပြင် အသစ်ရောက်လာတဲ့ ကစားသမားတွေနဲ့လည်း စကားပြောဆိုဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက “အိုကေ။ ဒီလောက်ပဲကွာ။ ဒီလောက်ဆိုလုံလောက်ပြီ။ အခု လေ့ကျင့်ခန်းဆင်းရတော့မယ့်အချိန်ပဲ။ သွားကြရအောင်” လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံခဲ့ပြီးနောက် အသင်းရဲ့ရာသီကြိုခြေစမ်းခရီးစဥ်ကို လိုက်ပါခဲ့ခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံတို့မှာ ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေအားလုံးကို ရော်နယ်ဒိုက လွဲချော်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ လေ့ကျင့်ခန်းဆင်းမယ်ဆိုပေမယ့် အသင်းက ထွက်ခွာမယ့် သူ့ရဲ့သဘောထားကိုတော့ မပြောင်းလဲသေးကြောင်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က