ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ရော်နယ်ဒိုအနေနဲ့ ဒီကြံ့ခိုင်မှုမျိုးနဲ့ သူ့အသင်းမှာ ကစားလို့မရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ရာသီကြိုပြင်ဆင်မှုအားလုံးကို လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှသာ အသင်းနဲ့ ကာရင်တန်မှာ လာရောက်လေ့ကျင့်ခန်းဆင်းခဲ့တာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံ ရာသီကြိုခြေစမ်းခရီးစဥ်ကို မိသားစုကိစ္စအကြောင်းပြချက်နဲ့ လိုက်ပါနိုင်ခဲ့ခြင်းမရှိပါဘူး။ ယူနိုက်တက်ရဲ့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲဖြစ်တဲ့ ဗယ်လက်ကာနိုနဲ့ပွဲမှသာ ပထမပိုင်း (၄၅) မိနစ်ကို ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အသင်းကထွက်ခွာဖို့ကိုသာ ဦးစားပေးဆောင်ရွက်နေတာပါ။
လာမယ့်တပတ်မှာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်နဲ့ စတင်ကစားရတော့မှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ တန်ဟက်ခ်က “လက်ရှိရော်နယ်ဒိုရဲ့ အနေအထားက ကျနော်တို့အသင်းမှာ လိုအပ်နေတဲ့ ကြံ့ခိုင်မှုအဆင့်အတန်းမျိုး လုံးဝမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူက ရက်သတ္တပတ်ပေါင်းများစွာ အသင်းနဲ့ လွဲချော်ခဲ့လို့ပါ”
“သူ့အတွက် ပွဲအရေအတွက်တွေ လိုအပ်နေပြီး လေ့ကျင့်ခန်းတွေလည်း အများကြီးဆင်းဖို့ လိုအပ်နေပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ တန်ဟက်ခ်ကို ယူနိုက်တက်နည်းပြအဖြစ် တရားဝင်ကြေညာလိုက်တဲ့ ပြီးခဲ့တဲ့ရာသီတည်းက ရော်နယ်ဒိုအနေနဲ့ တန်ဟက်ခ်ရဲ့ နည်းစနစ်မှာ အံဝင်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် တန်ဟက်ခ်ကတော့ ရော်နယ်ဒိုနဲ့ အလုပ်တွဲလုပ်ဖို့ ပြင်ဆင်ထားကြောင်း၊ ဒီကစားသမားကို ရောင်းထုတ်မှာမဟုတ်ကြောင်း အသင်းနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲ၊ ရာသီကြိုခြေစမ်းပွဲတွေအတွက် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားခဲ့ဖူးပါတယ်။ အခု ပရီးမီးယားလိဂ်ရာသီစဖို့ တပတ်တောင် မလိုတော့ချိန်မှသာ တန်ဟက်ခ်က ဒီလိုပြောလာခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအတွက်တော့ ပိုမိုခက်ခဲလာခဲ့ပြီလည်းဖြစ်ပါတယ်။