လီဗာပူး တိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ သူ့အတွက် အသင်းဖော်တွေ ခံစားနေရတာမျိုး မဖြစ်ဖို့ မျှော်လင့်ခဲ့ကြောင်း လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ချ်က ပြောကြားခဲ့ပါတယ်။ ဒီယက်ဇ်ဟာ မိဘနှစ်ပါးဟာ ကိုလံဘီယာနိုင်ငံမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။
မိခင်ဖြစ်သူက ချက်ချင်းဆိုသလို ပြန်လွတ်လာခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ လက်ရှိအချိန်အထိ ပြန်ပေးဆွဲသမားတွေရဲ့လက်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ ဒီယက်ဇ်ဟာ ဒီကိစ္စတွေကြောင့် လီဗာပူးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် လူတန်တောင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်လာခဲ့ပြီး အသင်းအတွက် အဖိုးတန်ချေပဂိုးကို နောက်ဆုံးမိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီယက်ဇ်နဲ့ ပတ်သက်လို့ ဗန်ဒိုက်ချ်က “နော်တင်ဟမ်ဖောရက်စ်နဲ့ မကစားခင်မှာ ကျွန်တော်တို့ ဒီအကြောင်းကို သိခဲ့ရပါတယ်”
“အရမ်းလည်း ရှော့ခ်ရခဲ့ပြီး အဝတ်လဲခန်းထဲမှာ ဒီအကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက် စိတ်ဓာတ်လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီယက်ဇ်က သူခံစားနေရတာတွေနဲ့ ပတ်သက်လို့ အသင်းဖော်တွေကိုပါ ခံစားနေရတာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကိစ္စကနေ ကျွန်တော်တို့အတွက် လောင်စာဖြစ်ဖို့ပဲ သူမျှော်လင့်ခဲ့တာပါ”
“လူတန်တောင်းနဲ့ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့လို့လည်း အားလုံးက ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ထိတ်လန့်စရာကောင််းတဲ့ ဒီဖြစ်ရပ်က မဖြေရှင်းနိုင်သေးဘဲ အမြန်ဆုံးပြီးသွားဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ကလည်း လူတန်တောင်းနဲ့ပွဲမှာ ဒီယက်ဇ်တစ်ယောက် ဝင်ကစားလိုတဲ့ ဆန္ဒရှိ၊ မရှိ ကိုယ်တိုင်ရွေးချယ်ခွင့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။