ယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်နွေရာသီမှာ နည်းပြသစ်ဖြစ်လာမယ့် အဲရစ်တန်ဟက်ခ်က အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အဆိုပါကစားသမားကို အရခေါ်ယူစေဖို့ ဆန္ဒရှိနေပါတယ်။ ဘာစီလိုနာကတော့ ဖရန်ကီဒီဂျောင်ကို အသင်းရဲ့ အနာဂတ်အဖြစ် သတ်မှတ်ထားတာပါ။
ဒါပေမယ့်လည်း အသင်းရဲ့ဘဏ္ဍာရေး အခြေအနေအရ ယူရိုသန်း (၇၀) ဝန်းကျင်ရရှိရင် လက်လွှတ်ဖွယ်ရှိသလို ကစားသမားအလဲအထပ်နဲ့ လက်လွှတ်ဖို့လည်း ဆန္ဒရှိနေကြောင်း ဂျာနယ်လစ်ရိုမဲရိုးက Twitch Channel ကနေ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကစားသမားအလဲအထပ်အတွက် ဦးစားပေးကစားသမားအဖြစ် မက်ဂွိုင်းရားကို သတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားဟာ လက်ရှိအသင်းခေါင်းဆောင်ဖြစ်ပေမယ့် ခြေစွမ်းပိုင်း အတော်လေးဆိုးရွားနေတာကြောင့် အဲရစ်တန်ဟက်ခ်လက်ထက်မှာ အသင်းခေါင်းဆောင် ရာထူးကို ဆုံးရှုံးဖို့ သေချာသလောက်ဖြစ်နေပါတယ်။
နောက်တယောက်ကတော့ ယူနိုက်တက်ကနေ ထွက်ခွာချင်နေတဲ့ ရပ်ရှ်ဖို့ဒ်ဖြစ်ပြီး ဒီကစားသမားကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း အရင်တည်းက စိတ်ဝင်စားခဲ့ဖူးပါတယ်။ နောက်တယောက်ကတော့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ဖြစ်ပြီး တွမ်မီနေး၊ အီလန်ဂါတို့လို ကစားသမားတွေကိုလည်း ထည့်သွင်းကမ်းလှမ်းဖွယ်ရှိပါတယ်။
အဲရစ်တန်ဟက်ခ်ဟာ ယူနိုက်တက်လူစာရင်းကို မြေလှန်ပြောင်းလဲဖို့ ပြင်ဆင်ထားပြီး ပွဲထွက်ကစားသမား (၁၁) ယောက်လုံးကို အပြောင်းအရွှေ့ (၃) ခုအတွင်း အပြောင်းအလဲပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟန်နီဘယ်လ်၊ ဂါနာချို၊ ဂျိမ်းစ်ဂါနာတို့ကို အသင်းရဲ့အနာဂတ်မှာ ထည့်သွင်းထားပြီး ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချိုတို့ကိုလည်း အသင်းရဲ့ အဓိက,ကစားသမားတွေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။