ဘိုချမ်နဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မာနေးရဲ့ လုပ်ရပ်တခုနဲ့ ပတ်သက်လို့ ပရိသတ်တွေက ချီးကျူးလေးစားနေကြပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ တနင်္ဂနွေညက ဘိုချမ်နဲ့ ဘွန်ဒက်စ်လီဂါအဝေးကွင်းပွဲအဖြစ် ကစားခဲ့ရပြီး (၇) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အတွက် မာနေးက နှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာနေးတယောက် ဒီလိုမျိုး နှစ်ဂိုးမရခင်တည်းက အသင်းအတွက် တဂိုးရရှိခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် (၄၀) မှာရရှိလာတဲ့ဂိုးကို မာနေးက သွင်းယူတဲ့အချိန်မှာ ဘောလုံးကို လက်နဲ့ထိမိခဲ့ပြီး သူ လက်နဲ့ထိမိခဲ့တဲ့အကြောင်းကိုလည်း မာနေးက ကွင်းလယ်ဒိုင်ဆီ အချက်ပြအကြောင်းကြားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်က မာနေး ဒီလိုမျိုးအချက်ပြတာကို မြင်တွေ့ခြင်းရှိ၊ မရှိဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရှိရပါဘူး။ ဒါပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးတဲ့နောက်မှာတော့ မာနေးရဲ့ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်က အိမ်ရှင် ဘိုချမ်ကို (၄) ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီးဖြစ်ပါတယ်။ မာနေးကလည်း ဒီဖြစ်ရပ်အပြီး (၂) မိနစ်အကြာမှာပဲ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ နောက်ထပ်တဂိုး သွင်းယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကလည်း ဒီပွဲမှာ (၇) ဂိုးပြတ်နဲ့ ကြီးမားတဲ့နိုင်ပွဲတပွဲကို ရရှိခဲ့တာပါ။ နိုင်ပွဲထက်စာရင် မာနေးရဲ့လုပ်ရပ်က ဘိုင်ယန်မြူးနစ်ပရိသတ်တွေအတွက်ရော၊ ပြိုင်ဘက်ပရိသတ်တွေအတွက်ပါ ချီးကျူးစရာဖြစ်နေခဲ့ပါတယ်။ မာနေးဟာ သူကိုယ်တိုင် ဂိုးသွင်းယူနိုင်ဖို့ထက် သန့်ရှင်းမျှတပြီး အနိုင်ယူဖို့ကိုသာ လိုလားတဲ့ ကစားသမားတယောက်လို့ သတ်မှတ်ရမှာဖြစ်ကြောင်း ပရိသတ်တွေက အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

အဆိုပါ ဆီနီဂေါလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ကစားပြီးခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာ (၄) ဂိုးသွင်းယူထားပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်ကလည်း ဘွန်ဒက်စ်လီဂါမှာ (၃) ပွဲကစား၊ သွင်းဂိုး (၁၅) ဂိုးနဲ့ ရာသီအဖွင့် (၃) ပွဲမှာ ဘွန်ဒက်စ်လီဂါသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က