ရော်နယ်ဒိုကတော့ လက်ချင်စတိန်းနဲ့ပွဲမှာ အသင်းအတွက် ၂ဂိုး သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ယူရိုခြေစစ်ပွဲအဖြစ် ဒီနေ့မနက်ပိုင်းက ကစားခဲ့တာဖြစ်ပြီး ပေါ်တူဂီက ၄-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ ယာအိုကန်ဆယ်လို၊ ဘာနာဒိုဆေးလ်ဗားတို့က တဂိုးစီသွင်းပေးခဲ့ကာ ရော်နယ်ဒိုက ပင်နယ်တီကတဂိုး၊ အလွတ်တည်ကန်ဘောကတဆင့် တဂိုးသွင်းယူသွားခဲ့ပါတယ်။
ဒီသွင်းဂိုးတွေဟာ ရော်နယ်ဒိုကို ခြေစမ်းပွဲမပါဝင်ဘဲ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်စေခဲ့တာလည်းဖြစ်ပါတယ်။ နိုင်ငံတကာသွင်းဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထားတဲ့ ရော်နယ်ဒိုက သူ့ရဲ့ စံချိန်မှာ နောက်ထပ်ဂိုးတွေ ထပ်မံပေါင်းထည့်ခဲ့ပြီး သူ့ကို လိုက်မီဖို့အတွက် ပိုမိုခက်ခဲအောင်ကို ဖန်တီးတည်ဆောက်နိုင်ခဲ့ပါတယ်။
အလွတ်တည်ကန်ဘောကနေ ရော်နယ်ဒိုက ကန်သွင်းခဲ့ရာမှာလည်း ခပ်ပြင်းပြင်းကန်ချက်နဲ့ ရယူသွားခဲ့တာပါ။ ပြိုင်ဘက်ဂိုးသမားက ပုတ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် ကန်ချက်ပြင်းလွန်းလို့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရပြီး ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအသင်းမှာ ၂ပွဲဆက်တိုက် အလွတ်တည်ကန်ဘောကနေ သွင်းဂိုးတွေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
အလွတ်တည်ကန်ဘောစွမ်းရည်တွေ ကျဆင်းလာပြီး ဂိုးရဖို့ ခက်ခဲနေတဲ့ ရော်နယ်ဒိုအတွက်တော့ ဒါက ကျေနပ်စရာကောင်းခဲ့ပါတယ်။ ဂိုးသွင်းအပြီးမှာလည်း သူက မာန်ပါပါအော်ဟစ်အောင်ပွဲခံခဲ့ပြီး အလွတ်တည်ကန်ဘောကနေ ဂိုးရတဲ့အပေါ်မှာ တော်တော်လေးကို အားရနေခဲ့တာကို တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၁၉၇ ပွဲကစားပေးပြီး ဂိုးပေါင်း ၁၂၀ အထိ ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။