ဖရက်ဒ်ရဲ့ပြောဆိုမှုအပေါ် ပရိသတ်တွေ တော်တော်လေးသဘောကျနေပါတယ်။

ပြီးခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ လူစားဝင်လာပြီး ခြေစွမ်းပြကစားခဲ့လို့ နာမည်ကျော်ဝေဖန်ရေးသမားရွိုင်ကိန်းဆီကတောင် ချီးကျူးမှုတ​ွေရရှိခဲ့တဲ့ ဖရက်ဒ်က ယူနိုက်တက်ပရိသတ်တွေကြွေကျသွားစေမယ့် စကားလုံးတွေနဲ့ အင်တာဗျူးတခုပြုလုပ်သွားခဲ့ပါတယ်။ ဘရာဇီးလ်မီဒီယာတခုကို ပြောဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့ဖြေဆိုမှုအပေါ် ပရိသတ်တွေက တော်တော်လေးသဘောကျနေခဲ့ကြပါတယ်။ 

ရှက်တာဒိုးနတ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် ဘရာဇီးလ်သားမှဟုတ်ပါရဲ့လားလို့တောင် အပြောခံခဲ့ရတဲ့ ဖရက်ဒ်ဟာ ယူနိုက်တက်မှာ တစထက်တစခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဒီရာသီမှာဆိုရင် လိဂ်ဂိုး ၃ ဂိုးအထိ ရရှိခဲ့ပြီဖြစ်သလို ကွင်းလယ်အဖျက်နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေမှာလည်း သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးစာရင်းထဲမှာ ပါဝင်နေခဲ့ပါတယ်။ 


အင်တာဗျူးမှာတော့ ဖရက်ဒ်က "ကျနော်က အကောင်းဆုံးကစားသမားမဟုတ်ဘူးဆိုတာကိုသိပါတယ်၊ ပြီးတော့ နည်းစနစ်ပိုင်းအရလည်း ကျနော် အရမ်းကြီးမထူးချွန်ပါဘူး၊ ဒါပေမယ့် ကျနော် ယူနိုက်တက်အတွက် ဝင်ကစားပေးရတဲ့အချိန်တိုင်းမှာ အသွေးထဲအသားထဲကနေ အရိုးကျေကျေ၊ အရည်ခမ်းခမ်းပေးဆပ်ကစားခဲ့ပါတယ်"

"ကျနော်တို့ ဘရာဇီးလ်မှာ စကားပုံတခုရှိပါတယ်၊ အဲဒါကတော့ စန္ဒယားဆရာ ကောင်းကောင်းတီးခတ်နိုင်ဖို့အတွက် စန္ဒယားထမ်းပေးမယ့်သူ လိုတယ်ဆိုတာပါ၊ ကျနော်က အနုပညာကောင်းတွေလုပ်နိုင်ဖို့ စန္ဒယားထမ်းပေးသူတယောက်ပါ" လို့ ပြောဆိုခဲ့ပြီး သူ့ရဲ့ ပြောဆိုမှုတွေက ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးပျံ့နှံ့သွားခဲ့ပါတယ်။ 

ဖရက်ဒ်ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၄၇ ပွဲအထိ ကစားပေးထားပြီးဖြစ်ကာ ၇ ဂိုးသွင်းယူပေးထားပါတယ်။ အစောပိုင်းမှာ ဝေဖန်ခံနေရခဲ့ရပေမယ့်လည်း လက်ရှိပုံစံကောင်းပြသမှုတွေကြောင့် ပရိသတ်အားပေးမှုကိုပါ ရရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က