အင်္ဂလန်မှာ သူ့အိမ်မွေးခွေးလေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို မော်ရင်ဟိုက ပြောပြခဲ့တာပါ။

ပေါ်တူဂီလူမျိုးနည်းပြကြီး မော်ရင်ဟိုဟာ အင်္ဂလန်နိုင်ငံမှာ သူ့ခွေးနဲ့ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ထူးထူးဆန်းဆန်း အတွေ့အကြုံနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ (၂၀၀၇) မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ မော်ရင်ဟိုက သူ့ရဲ့အချစ်တော်ခွေးလေးကို ပေါ်တူဂီကနေ အင်္ဂလန်ကို ခေါ်ဆောင်လာခဲ့တာပါ။



ဒီအကြောင်းနဲ့ပတ်သက်လို့ မော်ရင်ဟိုက “ကျနော်တို့မိသားစုမှာ ခွေးလေးတကောင်ရှိခဲ့တယ်ဗျ။ သူက ပေါ်တူဂီက။ သူ့ကိုကာကွယ်ဆေးတွေ အကုန်ထိုးပေးပြီးသား။ ဒါပေမယ့် အင်္ဂလန်ရောက်တော့ သူ့ကို ကွာရန်တင်းဝင်ရမယ်ဆိုပြီး လုပ်ပါလေရော”

“ခွေးလေးက သေးသေးလေးရှိသေးတာ၊ ထိလွယ်ရှလွယ်ဖြစ်တတ်တဲ့ အရွယ်ပေါ့ဗျာ။ ကျနော့် ကလေးတွေကလည်း ငယ်ငယ်လေးတွေ။ သူတို့က ဒီခွေးလေးကိုလည်း အရမ်းချစ်ကြတယ်။ ရဲတွေက ကျနော့်အိမ်ထဲကိုဝင်ပြီး ခွေးကို ကွာရန်တင်းဝင်ဖို့ လာခေါ်တယ်”

“အဲ့ဒါနဲ့ ကျနော်လည်း ခွေးကိုယူ၊ ကျောပိုးအိတ်ထဲထည့်ပြီး ရဲတွေ ကျနော့်ကို မမြင်အောင် ပြတင်းပေါက်ကနေ ခုန်ချပြီးလစ်တာပဲ။ ပြီးတော့ ဒီခွေးလေးကို ကျနော့် သူငယ်ချင်းအိမ် သွားပို့ထားလိုက်တယ်။ ရဲတွေက ကျနော့်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ဆွဲတာပေါ့။ သူတို့ ကျနော့်ကို စခန်းခေါ်သွားတယ်”

“မေးခွန်းတွေလည်း မေးတာပေါ့ဗျာ။ ကျနော်ကတော့ ဖြေရှင်းဖို့ ရှေ့နေကို ဖုန်းဆက်ခေါ်လိုက်ရသေးတယ်။ ကျနော့်ခွေးလေး အဲ့ဒီအဖြစ်အပျက်ကို သူ့တသက် မေ့ရမှာမဟုတ်သလို ကျနော်လည်း မေ့လို့ရမှာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီခွေးလေးက အခုချိန်မှာတော့ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။

မော်ရင်ဟို စပါးကို ကိုင်တွယ်ခဲ့တုန်းက အင်တာဗျူးတခုမှာ ဒီခွေးလေးနဲ့ပတ်သက်လို့ “အရိုးသားဆုံး ပြောရရင် ခရစ္စမတ်ကာလက ကျနော့်အတွက် ဝမ်းနည်းစရာပါ။ ဘာလို့လဲဆိုတော့ ကျနော့်ခွေးလေး သေသွားလို့လေ။ သူက ကျနော်တို့အတွက် မိသားစုဝင်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က