မနေ့က ကစားခဲ့တဲ့ ဆွီဒင်နဲ့ပွဲမှာ နော်ဝေအတွက် ခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းက ပွဲချိန်အတွင်းမှာ သူ့ကို ဆွီဒင်ကစားသမားအလက်ဇန်းဒါးမီလိုဆီဗစ်က စော်ကားပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ နော်ဝေက အဝေးကွင်းမှာ ဟာလန်းရဲ့ ဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နေးရှင်းလိဂ်နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
မန်စီးတီးတိုက်စစ်မှူးသစ်ကလည်း နှစ်ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဆိုပါပွဲချိန်အတွင်း မီလိုဆီဗစ်နဲ့ ဟာလန်းတို့နှစ်ဦးကို ပူးပူးကပ်ကပ်နဲ့ မြင်တွေ့ခဲ့ရပြီး ဟာလန်းဂိုးသွင်းပြီးချိန်မှာလည်း ဆွီဒင်ကစားသမားကို ခပ်ထေ့ထေ့လေးကြည့်ပြီး လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရကာ သူတို့နှစ်ဦးကြားမှာ အသံတိတ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
TV2Norway ကို ဟာလန်းက "အရင်ဆုံး သူ ကျနော့်ကို ပြည့်တန်ဆာမသားလို့ ခေါ်ခဲ့တယ်၊ မင်း ဒီလိုမပြောသင့်ဘူးလို့ သူ့ကို ကျနော်ပြန်ပြောခဲ့တယ်၊ ပြီးတော့ သူက ကျနော့်ခြေထောက်ကို ရိုက်ချိုးပစ်မယ်လို့ ထပ်ပြောခဲ့ပါတယ်၊ အဲဒီနောက် တမိနစ်အကြာမှာပဲ ကျနော်ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ " လို့ ဖွင့်ဟသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း မီလိုဆီဗစ်ကတော့ သူ ဟာလန်းကို အဲဒီလိုတွေမပြောဆိုခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ "သူပြောသလို ကျနော်ရိုင်းရိုင်းစိုင်းစိုင်းမပြောခဲ့ပါဘူး၊ ကျနော် နော်ဝေလိုမပြောတတ်သလို သူလည်း ဆွီဒင်လိုမှမပြောတတ်တာ၊ ဒီတော့ ကျနော်တို့ ဘယ်လိုဆက်သွယ်ပြောဆိုခဲ့လဲဆိုတာ ကျနော်မသိဘူး" လို့ မီလိုဆီဗစ်က ရှင်းပြခဲ့ပါတယ်။