သူ့ရဲ့အောင်မြင်မှုတွေကို မှတ်တမ်းတင်လိုက်တာပါ။

ရိုးမားနည်းပြကြီးမော်ရင်ဟိုကတော့ သူရရှိထားခဲ့တဲ့ ဥရောပအောင်မြင်မှုတွေကို ကျောက်ထက်အက္ခရာတင်သလိုမျိုး၊ သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးပြီး ထာ၀ရမှတ်တမ်းတင်လိုက်ပါပြီ။ ဥရောပချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်ဖရင့်ဖလားတွေကို ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားတဲ့ မော်ရင်ဟိုက အဆိုပါဖလားပုံတွေကို သူ့လက်မောင်းမှာ တက်တူးထိုးလိုက်တာဖြစ်ပါတယ်။ 

ဒီတက်တူးက မော်ရင်ဟိုရဲ့ ပထမဆုံးတက်တူးလို့လည်း ပြောလို့ရပါတယ်။ နည်းပြတယောက်အတွက် အကြီးမားဆုံးအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့မှုကို ပေါ်တူဂီလူမျိုးနည်းပြကြီးက အမှတ်တရအနေနဲ့ တက်တူးအဖြစ် ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်။ "ကျနော် ထူးခြားတဲ့ တက်တူးတခု လိုချင်ခဲ့တယ်၊ အခုထိ ကျနော် တဦးတည်းပဲ ပိုင်ဆိုင်ထားတဲ့ အရာတခုကိုပေါ့" လို့ မော်ရင်ဟိုက ဆိုပါတယ်။ 

မော်ရင်ဟိုဟာ ပေါ်တို၊ အင်တာမီလန်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ပေါ်တို၊ မန်ချက်စတာယူနိုက်တက်တို့နဲ့အတူ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိကလပ်ရိုးမားနဲ့အတူ ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်ဖရင့်လိဂ်မှာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး မတူညီတဲ့ ဥရောပဖလား ၃ ခုကို ရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ 

လာလီဂါ၊ စီးရီးအေနဲ့ ပရီးမီးယားလိဂ်တို့မှာလည်း အမှတ်ပေးဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုကြီးမားတဲ့ နည်းပြတဦးလို့ ဆိုရမှာဖြစ်ပါတယ်။ သူ့ရဲ့ ခနဲ့တဲ့တဲ့၊ ရွဲ့တဲ့တဲ့စကားပြောဟန်တွေကြောင့်လည်း ပရိသတ်တွေကြားမှာ ထင်ရှားသူဖြစ်ကာ မော်ရင်ဟိုလုပ်သမျှ၊ ပြောသမျှအရာတိုင်းက အနည်းနဲ့အများဆိုသလို ပွဲစည်လေ့ရှိကာ အများရဲ့အာရုံစိုက်မှုကို ရရှိနေသူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က