မနေ့ညကပွဲမှာ မာတီနက်ဇ်ကို ခြေထောက်နဲ့ ပြန်ကန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဗီလာနဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့တုန်းက ယူနိုက်တက်နောက်ခံလူမာတီနက်ဇ်က ဗီလာတိုက်စစ်မှူးဘိုင်လီကို လူကာကစားရင်းနဲ့ တံတောင်နဲ့ ပစ်ကျွေးလိုက်ပါတယ်။ ဘိုင်လီတယောက် အသက်တောင်ရှုမရဖြစ်ခဲ့ပြီး ကွင်းဘေးနားမှာ လဲကျခဲ့လို့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ပွဲအပြီးမှာ ဒီအဖြစ်အပျက်အတွက် ဒိုင်လူကြီးတွေက ဘာမှအရေးမယူခဲ့လို့ ဘိုင်လီတယောက် ဒေါသထွက်ပြီး အပြစ်တင်ခဲ့ပါသေးတယ်။ 

"ယူနိုက်တက်နဲ့ပွဲမှာ ဒိုင်လူကြီးတွေက စိတ်ပျက်စရာပဲ၊ ကျနော့်နံရိုးကို နှစ်ချက်တိတိ တံတောင်နဲ့တွတ်ခံလိုက်ရပြီးတော့ စက္ကန့်လေးနည်းနည်း အသက်တောင်မရှူနိုင်တော့ဘူး၊ တခါတလေ VAR ကို ဘာလို့ ထားထားလဲ ကျနော်နားမလည်အောင်ပဲ" လို့ ဘိုင်လီက သူ့ရဲ့တွစ်တာကနေ ရေးသားပြောဆိုသွားခဲ့တာပါ။ 

မနေ့ညက ကာရာဘောင်းဖလားပွဲမှာ ဒီနှစ်သင်းပြန်တွေ့တော့ မာတီနက်ဇ်က ပွဲပြီးခါနီးမှ လူစားဝင်ကစားခဲ့ပါတယ်။ သူဝင်လာပြီး သိပ်မကြာခင်မှာပဲ ဘိုင်လီနဲ့ ထိပ်တိုက်တိုးပါတော့တယ်။ ဒီတကြိမ်ဘောလုံးယှဉ်လုတော့လည်း ဘိုင်လီတယောက် မာတီနက်ဇ်ကို မယှဉ်နိုင်ဘဲ လဲကျခဲ့ပါတယ်။ သူ လဲကျချိန်မှာပဲ ဘိုင်လီတယောက် ဒေါသထွက်နေခဲ့ပြီး မာတီနက်ဇ်ကို ခြေထောက်နဲ့ ပြန်ကန်ခဲ့ပါတယ်။ 

လဲကျနေရင်းအနေအထားနဲ့ ကန်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်အတွက် ကွင်းလယ်ဒိုင်က ဘိုင်လီကို အဝါကတ်ပြခဲ့ပါတယ်။ ဘိုင်လီက မာတီနက်ဇ်ကို တော်တော်လေး ဒေါသထွက်နေပြီး သည်းမခံနိုင်တော့ဟန်ပေါက်နေခဲ့ပြီး ပြန်ကန်ခဲ့တာပါ။ မာတီနက်ဇ်ကလည်း ပြန်တုံ့ပြန်ဖို့အတွက် ဟန်ပြင်ပြီးမှ ကိုယ်ရှိန်သတ်ခဲ့ပြီး သူ အကန်ခံရတာကို ကွင်းလယ်ဒိုင်မြင်အောင် လှမ်းပြသခဲ့ပါတယ်။ 

ဘိုင်လီတယောက် သူ့အတွက် လက်စားပြန်ချေနိုင်ခဲ့ပေမယ့် အဝါကတ်ထိခဲ့သလို အသင်းကလည်း အရေးနိမ့်ခဲ့လို့ သိပ်တော့ ကျေနပ်မှာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှ ပူပူနွေးနွေးအနိုင်ရခဲ့ပေမယ့် ကာရာဘောင်းဖလားမှာ ပြန်တွေ့ချိန် ရှုံးကြွေးဆပ်ခံခဲ့ရပြီး ပြိုင်ပွဲကပါ ထွက်ခဲ့ရပါတော့တယ်။ 

Share

Loading Next Article...
က္က