ဂျာမနီမှာ ကစားခဲ့တုန်းက လူမျိုးရေးခွဲခြားခံခဲ့ရတာပါ။

ဂျာမနီမှာ ကစားခဲ့တုန်းက လူမျိုးရေးခွဲခြားမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ စပါးတိုက်စစ်မှူးဆွန်ဟောင်မင်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ တောင်ကိုရီးယားကနေ ဥရောပကို ခြေဆန့်ခဲ့တာဖြစ်ပြီး ဟမ်းဘတ်လူငယ်အသင်းမှာ စတင်ကစားခဲ့တာဖြစ်ပါတယ်။ လူငယ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့လို့ နောက်တနှစ်မှာပဲ အသင်းကြီးဆီ ရောက်ရှိခဲ့ပြီး လေဗာကူဆင်ကိုမပြောင်းရွှေ့ခင် ဟမ်းဘတ်မှာ ၄ နှစ်ကြာကစားခဲ့ပါတယ်။ 

ဂျာမနီမှာကစားခဲ့တဲ့အချိန်တွေကို ပြန်လည်ပြောပြခဲ့ချိန်မှာ ဆွန်ဟောင်မင်က သူ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ ဆိုးလ်မှာပြုလုပ်ခဲ့တဲ့ ပရိသတ်တွေနဲ့ စကားပြောဆိုတဲ့ အစီအစဉ်တခုမှာ ဆွန်က အခုလိုပြောဆိုခဲ့ပါတယ်။ "ကျနော် ငယ်ငယ်လေးနဲ့ ဂျာမနီကို ပြောင်းရွှေ့ခဲ့ချိန်မှာ ခက်ခဲပြီး စိတ်ကူးယဉ်လို့တောင်မရတဲ့ အခိုက်အတန့်တွေကို ကျော်ဖြတ်ခဲ့ရပါတယ်"

"လူမျိုးရေးခွဲခြားတာတွေ အများကြီးကို ရင်ဆိုင်ခဲ့ရတယ်၊ အရမ်းခက်ခဲတဲ့အချိန်တွေပါပဲ၊ တနေ့နေ့မှာ ငါ သေချာပေါက်လက်စားပြန်ချေရမယ်ဆိုတာကိုလည်း ကြိမ်ဖန်များစွာတွေးနေခဲ့တယ်" လို့ ဆွန်ဟောင်မင်က ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆွန်ဟောင်မင်ရဲ့ ဆန္ဒတွေပြည့်၀သွားခဲ့ပါတယ်။ တောင်ကိုရီးယားက ဂျာမနီကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ သူ တဂိုးသွင်းပြီး ဂျာမနီကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။ 

"လူတွေ ငိုကြွေးတဲ့အချိန်မှာ ပုံမှန်ဆိုရင် ကျနော်က သူတို့ကိုပွေ့ဖက်ပြီးတော့ နှစ်သိမ့်ပေးချင်ပါတယ်၊ ဒါပေမယ့် ဂျာမန်တွေငိုနေတာကို ကျနော်ကြည့်နေရင်းနဲ့ ငါလုပ်ချင်တဲ့အရာတခုကို လုပ်ခြင်းအားဖြင့် လက်စားချေနိုင်ခဲ့ပြီလို့ ကျနော်ခံစားခဲ့ရတယ်" လို့ ဆွန်ဟောင်မင်က ပြောဆိုခဲ့ပါတယ်။ ဂျာမနီဟာ တောင်ကိုရီးယားကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။ 


အခုတော့ ဆွန်ဟောင်မင်က စပါးမှာ ကစားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ရပ်တည်နေပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က