မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ဝုလ်ဗ်တို့ရဲ့ပွဲမှာ မန်စီးတီးက ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အထူးခြေစွမ်းပြခဲ့တာကတော့ ဟာလန်းဖြစ်ပြီး တစ်ယောက်တည်း လေးဂိုးသွင်းကာ ရွှေဖိနပ်ဆုအတွက်ပါ ပါးလ်မားကို အပြတ်ဖြတ်ခဲ့တာပါ။
ဒီပွဲရဲ့ ပထမပိုင်းမှာတင် ဟာလန်းက ဟက်ထရစ်ရနေပြီး မန်စီးတီးတို့အတွက် ဝုလ်ဗ်က ဘာအခက်အခဲမှ မဖြစ်စေခဲ့ပါဘူး။ ဟာလန်းဟာ နောက်ပိုင်းပွဲတွေမှာ မန်စီးတီးအတွက် အရင်လောက် ဂိုးမသွင်းပေးနိုင်တော့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမယ့်လည်း မနေ့ညက အသင်းချန်ပီယံဖြစ်ဖို့ အရေးကြီးနေချိန်မှာ ဟာလန်းက အကောင်းဆုံးအနေအထားတစ်ရပ်နဲ့ အသင်းကို ဆွဲတင်ပေးခဲ့တာပါ။ ဒီပွဲအပြီးမှာလည်း သတင်းထောက်တွေက ရွိုင်ကိန်း ဟာလန်းကို လိဂ်တူး ကစားသမားအဆင့်ပဲရှိတယ်လို့ ပြောတာနဲ့ ပတ်သက်လို့ ဟာလန်းကို မေးမြန်းခဲ့ကြပါတယ်။
ဟာလန်းကတော့ “ကျွန်တော် အဲ့ဒီလူနဲ့ပတ်သက်လို့ တကယ်ကို ဘာမှဂရုစိုက်နေစရာ မရှိတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းကတော့ တခြားဘာမှမပြောဘဲ ဒီတစ်ခွန်းတည်းနဲ့တင် ရွိုင်ကိန်း သူ့အပေါ် ဝေဖန်မှုကို တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ ရွိုင်ကိန်းဟာ ဟာလန်းက ဂိုးသွင်းနိုင်တာပဲရှိပြီး ယေဘုယျကစားပုံအရ လိဂ်တူး ကစားသမားအဆင့်ပဲရှိတယ်လို့ မကြာခင်က ဝေဖန်ထားပါတယ်။
ဟာလန်းတို့ မိသားစုနဲ့ ရွိုင်ကိန်းတို့ဟာ အစဉ်အဆက် ရန်သူတွေဖြစ်ခဲ့ကြပြီး အယ်လ်ဖီဟာလန်းကိုလည်း ရွိုင်ကိန်းက ကစားသမားဘဝမှာ ဒဏ်ရာရရှိအောင် တမင်သက်သက် ရည်ရွယ်ဖျက်ထုတ်ခဲ့ပါသေးတယ်။ အခု ဟာလန်းခေတ်ရောက်ချိန်မှာလည်း ရွိုင်ကိန်းက ဟာလန်းကို ရစရာမရှိအောင် ပြောခဲ့သေးတာဖြစ်ပါတယ်။