ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာက သူ့ရဲ့ လက်ရွေးစင် အသင်းဖော် အမ်ဘာပေကို မွတ်ဆလင်အောက်လမ်းဆရာနဲ့ ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုဖြစ်သူက ဒီရက်ပိုင်းအတွင်းမှာ ဖွင့်ဟထားပါတယ်။ မာသီးယပ်စ်ပေါ့ဘာဟာ ဗီဒီယိုမှတ်တမ်းနဲ့အတူ ပေါ့ဘာကို အခုလိုမျိုး စွပ်စွဲခဲ့တာဖြစ်ပါတယ်။
ပေါ့ဘာကလည်း သူ့ကို ခြိမ်းခြောက်ငွေညှစ်တဲ့အဖွဲ့တခုမှာ သူ့အကိုလည်းပါဝင်နေကြောင်း ရဲတပ်ဖွဲ့ကို အသိပေးတိုင်ကြားထားတယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး ပေါ့ဘာရဲ့ အရှုပ်အရှင်း ဇာတ်လမ်းတွေကြားထဲမှာ အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တဲ့ကိစ္စပါဝင်တဲ့သတင်းအပေါ် အမ်ဘာပေ ဘယ်လိုမျိုး ခံစားနေရလဲဆိုတာကို ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက ဖွင့်ဟလာပါတယ်။
ဂဲလ်တီယာက “အမ်ဘာပေက အရမ်းကို စိတ်ဓာတ်ကောင်းမွန်တဲ့ ကစားသမားတယောက်ပါ။ ပေါ့ဘာနဲ့သူ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်း သတင်းတွေမှာ ကျနော်တွေ့နေရပါတယ်။ ဒါပေမယ့် အမ်ဘာပေက ဒီအပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်တာမျိုး ဒါမှမဟုတ် တစုံတခုကို စိုးရိမ်နေတဲ့လက္ခဏာမျိုးမရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဘာတို့ ညီအကိုရဲ့ပြဿနာအတွက် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါပြီ။
မာသီးယပ်စ်ပေါ့ဘာက “အမ်ဘာပေရေ... မင်း အခုနားလည်ပြီလား။ ငါမင်းနဲ့ပတ်သက်လို့ ဘာမှဆန့်ကျင်ခဲ့တာမျိုးမရှိဘူး၊ ငါပြောသမျှ မင်းကောင်းဖို့အတွက်ချည်းပဲ။ အမှန်တိုင်းနဲ့ ငါသိတဲ့အတိုင်း ပြောခဲ့တာ။ မင်းကို ကျိန်စာတိုက်ခဲ့တဲ့ အောက်လမ်းဆရာကိုကအစ ငါသိထားတယ်။ ဒီလိုမျိုး စုန်းအတတ်နဲ့ မင်းကိုဒုက္ခပေးခဲ့တဲ့ ငါ့ညီရဲ့လုပ်ရပ်အတွက် တောင်းပန်ပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီမှာလည်း အဆင်မပြေဖြစ်နေပြီး အသင်းဖော်တွေဖြစ်တဲ့ နေမာ၊ မက်ဆီတို့နဲ့ တင်းမာမှုတွေရှိနေပါတယ်။ ဒါ့အပြင် သူ့ရဲ့ တကိုယ်ကောင်းဆန်မှု၊ အတ္တကြီးမားမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ အမ်ဘာပေအတွက် အခုလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စက ပေါ်ပေါက်လာခဲ့တာပါ။