သူတို့နှစ်ယောက် စကားများခဲ့ပြီးနောက် မက်ဆီက တံထွေးထွေးခံခဲ့ရတာပါ။

မနက်က ကစားခဲ့တဲ့ ပါရာဂွေးနဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့တဲ့ မက်ဆီဟာ ပြိုင်ဘက်ကစားသမား ဆာနာဘရီရာရဲ့ တံထွေးနဲ့ထွေးတာကို ခံခဲ့ရပါတယ်။ ပွဲကစားချိန်အတွင်းမှာ သူတို့နှစ်ယောက် စကားများခဲ့ကြပြီး မက်ဆီကလည်း သူ ပြောဆိုလို့အပြီး ပြန်လှည့်သွားချိန် ဆာနာဘရီရာက တံထွေးနဲ့ လှမ်းထွေးခဲ့တာပါ။ မက်ဆီကို မထိခဲ့ပေမယ့်လည်း သူ့လုပ်ရပ်ကိုတော့ ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်။



ဒီပွဲမှာ အာဂျင်တီးနားက ၁-၀ နဲ့ အနိုင်ရခဲ့ပြီး မက်ဆီလူစားဝင်လာပြီးနောက် ထောင့်ကန်ဘောကတကြိမ်၊ ဖရီးကစ်က တကြိမ် ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် တိုင်တွေပဲထိထွက်ခဲ့လို့ နစ်နာခဲ့ပါတယ်။ မက်ဆီက ဒဏ်ရာကနေ ပြန်ကောင်းခါစပဲရှိသေးပြီး သူ့ကိုအနားပေးထားခဲ့ကာ ပွဲကိုထိန်းဖို့အတွက် ထည့်သွင်းခဲ့တယ်လို့ ယူဆရပါတယ်။ အဲဒီအခိုက်အတန့်လေးမှာပဲ ဆာနာဘရီရာနဲ့ ငြိခဲ့တာပါ။



ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မက်ဆီက "အဝတ်လဲခန်းထဲမှာတော့ တယောက်ယောက်က ကျနော့်ကို တံထွေးနဲ့ထွေးတယ်ဆိုပြီး အသင်းဖော်တွေက ပြောပါတယ်၊ တကယ်ဆိုရင် အဲဒီကောင်လေးက ဘယ်သူမှန်း ကျနော် သိတောင်မသိဘူး၊ ဒီကိစ္စကိုလည်း မပြောချင်တော့ပါဘူး" လို့သာ ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ ဆာနာဘရီရာကို နှိပ်ကွပ်လိုက်တာလည်းဖြစ်ပြီး အဲဒီကစားသမားကို သူသိတောင်မသိဘူးလို့ ဆိုလိုခဲ့တာပါ။

မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ပြီးခဲ့တဲ့ပွဲတွေမှာ မကစားနိုင်ဘဲ အနားယူခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာမှ လူစားဝင်ကစားပေးခဲ့တာပါ။ အာဂျင်တီးနားကလည်း သူ့ကို ဆက်အနားပေးထားခဲ့ပြီး ပွဲချိန်အနည်းငယ်သာ ဝင်ကစားစေခဲ့ပါတယ်။ အာဂျင်တီးနားကတော့ လာမယ့်ပွဲအဖြစ် ပီရူးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က