မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ဆာဘစ်ဇာကတော့ ဩစတြီးယားအတွက် အသင်းခေါင်းဆောင်အဖြစ်နဲ့ ကစားပေးခဲ့ကာ အဇာဘိုင်ဂျန်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းခြေစွမ်းပြသွားခဲ့ပါတယ်။ ဆာဘစ်ဇာက ကောင်းမွန်တဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့ပြီး ဒါဟာ သူ့ကို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့အတွက် ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ကို သတိပေးလိုက်တာလည်းဖြစ်လာခဲ့ပါတယ်။
အသင်းငယ်လေး အဇာဘိုင်ဂျန်ကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ဩစတြီးယားက အုပ်စုတွင်းမှာ ထိပ်ဆုံးနေရာကို ရယူလိုက်ပါတယ်။ ဆာဘစ်ဇာဟာ အလွတ်တည်ကန်ဘောကနေ လှပတဲ့ ကန်သွင်းချက်နဲ့အတူ တဂိုးရယူနိုင်ခဲ့ပြီး ၂ဂိုးသွင်း၊ တကြိမ်ဖန်တီးကာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကနေ မန်ချက်စတာယူနိုက်တက်ကို သူက အငှားနဲ့ လာကစားနေတာဖြစ်ပြီး ရာသီကုန်မှာတော့ ဂျာမနီကလပ်ဆီ ပြန်သွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကလည်း ဆာဘစ်ဇာကို အသင်းမှာ ဆက်လက်ထားရှိမှာမဟုတ်တော့ဘဲ ရောင်းချဖို့ ပြင်ဆင်ထားပြီး ကစားသမားကတော့ သူ့ကို ယူနိုက်တက်က အပြီးသတ်ခေါ်ယူဖို့ကို မျှော်လင့်နေပါတယ်။
လက်ရှိမှာ သူ ပြသနေတဲ့ ခြေစွမ်းတွေက တန်ဟက်ဂျ်အတွက် စဉ်းစားစရာတော့ဖြစ်နေပါတယ်။ တန်ဟက်ဂျ်အတွက်လည်း ကွင်းလယ်ပိုင်းမှာ ကစားသမားလိုအပ်ချက်ရှိနေပြီး ဘာကာကွင်းလယ်လူဒီဂျောင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် ဟော်လန်ကွင်းလယ်လူကတော့ နူးကမ့်မှာသာ သူ ဆက်ကစားမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။
ဒါကြောင့် တန်ဟက်ဂျ်အနေနဲ့ ဆာဘစ်ဇာကိုသာ အပြီးသတ်ခေါ်ယူဖို့ စဉ်းစားဖွယ်ရှိနေပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဒီကစားသမားရဲ့ ခြေစွမ်းအပေါ်မှာ သဘောကျနေလို့ ခေါ်ယူဖို့ရာတိုက်တွန်းနေကြပါတယ်။