မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဒီဂီယာကတော့ စပိန်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံလိုက်ရပါပြီ။ အယ်လ်ဘေးနီးယား၊ အိုက်စလန်တို့နဲ့ ကစားရမယ့်ပွဲတွေအတွက် စပိန်က ကစားသမာ ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ဒီဂီယာမပါဝင်လာခဲ့ဘဲ ချယ်လ်ဆီးဂိုးသမားကီပါလည်း ကျန်နေရစ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဒီဂီယာကို ချန်လှပ်ခဲ့တာက သူ့အသင်းကစားဟန်နဲ့ မကိုက်ညီတာကြောင့်လို့ နည်းပြအင်းနရစ်က ပြောဆိုခဲ့ပြီး ဘရိုက်တန်ဂိုးသမားရာယာကို ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူခဲ့ပါတယ်။ ဒီဂိုးသမားက ပရီးမီးယားလိဂ်မှာ ၁၅ ပွဲအထိ ပေးဂိုးမရှိစံချိန်ကို ရရှိထားခဲ့ပြီး သူ့ရဲ့ ဘောလုံးပေးပို့ပုံ၊ sweeper keeper အဖြစ် ကစားနိုင်မှုတွေကြောင့် နာမည်ကျော်လာခဲ့တာပါ။
ဒီဂီယာက ယူနိုက်တက်မှာ လက်စွမ်းပြသနေခဲ့ပေမယ့် အသင်းရလဒ်ကျဆင်းမှုနဲ့အတူ ခံစစ်ကစားသမားတွေရဲ့ သူ့ကို လုံလောက်စွာမကာကွယ်ပေးနိုင်မှုတွေကြောင့် ကျန်နေရစ်ခဲ့ရတယ်လို့ ယူဆရပါတယ်။ ကျဉ်းထဲကျပ်ထဲအခြေအနေမှာ မက်ဂွိုင်းယားတို့တသိုက်က သူ့ကိုဘောလုံးပြန်ပေးလေ့ရှိပြီး ကြုံသလိုကန်တင်ပေးလိုက်ရတဲ့ အနေအထားတွေက လူး၀စ္စအင်းနရစ် အကြိုက်တွေ့တဲ့ ပုံစံတော့မဟုတ်တာ အမှန်ပါပဲ။
ခံစစ်ကစားသမားတွေရဲ့ အမှားတွေက သူကပြန်ပြီးတော့ ဖြည့်ဆည်းပေးနေရကာ ပွဲချိန်ကြာလာတာနဲ့အမျှ ဂိုးတွေပေးရလေ့ရှိတဲ့ အဖြစ်ကို ဒီဂီယာရင်ဆိုင်ခဲ့ရပါတယ်။ ဒီအခြေအနေတွေက သူ့ကို လက်ရွေးစင်အသင်းကနေ ကျန်နေရစ်စေဖို့ဖြစ်လာခဲ့ပြီး အသင်းဖော်တွေရဲ့ နှိပ်စက်မှုကြောင့်လို့တောင် ယူဆရမလိုဖြစ်နေပါတယ်။
ဟယ်ရီမက်ဂွိုင်းယားဦးဆောင်တဲ့ ယူနိုက်တက်ခံစစ်တန်းဟာ ဒီဂီယာအတွက် ကောင်းမွန်တဲ့ကာကွယ်မှုမလုပ်ပေးနိုင်တဲ့အပြင် ကိုယ့်ဂိုးသမားကို ပြန်ဒုက္ခပေးနေပေါင်းလည်း မနည်းလှပါဘူး။ ဒါပေမယ့် မက်ဂွိုင်းယားက အင်္ဂလန်အတွက် ခေါ်ယူခံရစဉ်မှာ ဒီဂီယာကတော့ ကျန်ခဲ့ရပြီး တော်တော်လေးတော့ နာကျင်စရာကောင်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။