ရော်နယ်ဒိုဟာ အယ်လ်နာဆာက ထွက်ခွာချင်နေပြီး စပိန်လာလီဂါကလပ်တွေအနေနဲ့ သူ့ကို ခေါ်ယူနိုင်မလားဆိုပြီး ကိုယ်တိုင်ကမ်းလှမ်းမှုတွေ လုပ်ထားတယ်လို့ El Nacional ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Forbes က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုကမ်းလှမ်းထားတဲ့ အသင်းတွေမှာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်ရဲ့ ပြိုင်ဘက်အသင်းတွေ ပါဝင်တယ်လို့ သိရပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
ရော်နယ်ဒိုဟာ ဆော်ဒီမှာ အဆင်မပြေဖြစ်နေပြီး နေထိုင်မှုပုံစံနဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ အသားကျအောင် မနည်းကြိုးစားနေရတယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ အယ်လ်နာဆာကတော့ ဆော်ဒီလိဂ်မှာ အဆင့် ၂ နဲ့သာ ရာသီပိတ်သိမ်းနိုင်ခဲ့ပြီး ရော်နယ်ဒိုဟာ နှစ်ရာသီဆက်တိုက် ဆုဖလားလက်မဲ့ဖြစ်တာကို ရင်ဆိုင်ခဲ့ရပါတယ်။
အသက် ၃၈ နှစ်အရွယ် ပေါ်တူဂီသားဟာ သူ့ရဲ့ အနေအထားက အဆင့်မြင့်ပွဲတွေကို ကစားနိုင်စွမ်းရှိသေးတယ်ဆိုတာ သက်သေပြချင်နေပြီး လာလီဂါမှာ ကစားဖို့က ပထမဦးစားပေးလို့လည်း သိရပါတယ်။ ဒါပေမယ့် သူ့ကို ဥရောပအသင်းတွေက ေခေါ်ယူဖို့အတွက်တော့ လုပ်ခလစာပြသနာနဲ့ ကစားသမားရဲ့ ခြေစွမ်းအပေါ် သံသယဖြစ်နေမှုတွေက ရှိနေပါသေးတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ရာသီဝက်ကစားပေးခဲ့ပြီး လိဂ်ဂိုး ၁၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ဆိုရင် ဒီစွမ်းဆောင်ရည်က မဆိုးဘူးလို့ ပြောနိုင်ပေမယ့်လည်း ဥရောပထိပ်တန်းလိဂ်တွေမှာ အလားတူစွမ်းဆောင်နိုင်ပါ့မလားဆိုတာကိုတော့ အားလုံးက သံသယဝင်နေကြတာဖြစ်ပါတယ်။