ဟော့ခ်အနေနဲ့ မိန်းမနဲ့ ကွာရှင်းပြီးနောက်မှာ မိန်းမရဲ့တူမဖြစ်သူနဲ့ လက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘောလုံးလောကမှာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဘရာဇီး ကစားသမား ဟော့ခ်ကတော့ (၁၂) နှစ်ကြာ ပေါင်းသင်းလာတဲ့ ဇနီးနဲ့ ကွာရှင်းပြီး ဇနီးရဲ့တူမဖြစ်သူနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့အကြောင်း အားလုံးသိရှိပြီးဖြစ်မှာပါ။

လက်ရှိအချိန်မှာ အက်သလက်တီကိုမင်နဲရိုးအတွက် ကစားနေတဲ့ ဟော့ခ်အနေနဲ့ ကာမယ်လာအိန်ဂျယ်လိုလို့ခေါ်တဲ့ အမျိုးသမီးငယ်နဲ့ မေတ္တာမျှနေတာဖြစ်ပြီး ကာမယ်လာမှာလည်း ဟော့ခ်နဲ့ရထားတဲ့ ကိုယ်ဝန်ကို လွယ်ထားရပါပြီ။

အဲ့ဒါကြောင့်လည်း ဇနီးဟောင်းဖြစ်တဲ့ အီရန်အိန်ဂျယ်လိုက သူ့ရဲ့သစ္စာဖောက်ခံရမှုအတွက် ဟော့ခ်ကိုရော၊ တူမဖြစ်သူကိုပါ ရည်ရွယ်ထိုးနှက်ခဲ့တာပါ။ အီရန်အိန်ဂျယ်လိုမှာ ဟော့ခ်နဲ့ရထားတဲ့ ကလေး (၃) ယောက်လည်းရှိထားပါတယ်။


သူ့ရဲ့အင်စတာဂရမ်ပေါ်မှာတော့ အီရန်အိန်ဂျယ်လိုက “အလိမ်အညာတွေ၊ မနာလိုမှုတွေက ဓားတွေလိုပါပဲ။ သူတို့က ကျွန်မကို အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်စေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ သေဆုံးသွားစေတဲ့လူတွေပါ။ ဒါပေမယ့် ဘုရားသခင်ရှိနေတဲ့အတွက် သေဆုံးခြင်းက နောက်တစ်ဖန် ပြန်လည်မွေးဖွားခြင်းပါပဲ”

“ကျွန်မဟာ စိတ်ပျက်စရာတွေ၊ အလိမ်အညာတွေကို ဘာတစ်ခုမှ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြန်လည်ရှင်သန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်က ကျွန်မကို ပိုမိုသန်မာလာစေလို့ပါ” လို့ ပြောကြားခဲ့ပါတယ်။


အီရန်အိန်ဂျယ်လိုဟာ လက်ရှိအချိန်မှာ ဟော့ခ်နဲ့ဖောက်ပြန်နေတဲ့ ကာမယ်လာကို သမီးအရင်းလို ပြုစုပျိုးထောင်ခဲ့တာဖြစ်ပြီး လက်ရှိသူ့ရဲ့လုပ်ရပ်က သူ့ကိုအရှင်လတ်လတ်နဲ့ မြေမြုပ်သတ်နေတဲ့အကြောင်းကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။

အီရန်အိန်ဂျယ်လိုက “သူ (ကာမယ်လာ) ကျွန်မ ဘဝထဲကို ဝင်လာတည်းက ကျွန်မ သူ့အတွက် အရာအားလုံးကို ပေးဆပ်ခဲ့ပါတယ်။ သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ ကျွန်မအိပ်မက်တွေကို အကြိမ်ပေါင်းများစွာ စတေးခဲ့ပါတယ်။ ငွေကြေးဥစ္စာတွေအကြောင်း ကျွန်မမပြောဘူးနော်။ အဲ့ဒါတွေက ပိုက်ဆံရှိရင် လွယ်လွယ်လေးပါ။ ကျွန်မပြောချင်တာ ချစ်ခင်၊ ဂရုစိုက်မှု၊ လေးစားမှု အဲ့ဒါတွေပါ”

“သူက ကျွန်မရဲ့အားနည်းချက်၊ နာကျင်မှု၊ ကြောက်ရွံ့မှုတွေအားလုံးကို သိရှိခွင့်ရခဲ့ပြီး အဆုံးအစမရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးစွမ်းခဲ့ပါတယ်။ ကျွန်မရဲ့ ဘဝနေနည်းလမ်းညွှန်တွေကိုလည်း သူ့အတွက် ညွှန်ကြားပြသပေးခဲ့ပါတယ်။ ကျွန်မမှားခဲ့တာရှိရင်တော့ အဲ့ဒါက အရမ်းချစ်ပေးပြီး အရမ်းကို ယုံကြည်လွန်းခဲ့လို့ပဲဖြစ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဟော့ခ်ဟာ အီရန်အိန်ဂျယ်လိုနဲ့ (၂၀၁၉)၊ ဇူလိုင်မှာ ကွာရှင်းပြတ်စဲခဲ့ပြီးနောက် (၂၀၂၀)၊ စက်တင်ဘာမှာတော့ အခုလိုပဲ ဇနီးဟောင်းရဲ့တူမဖြစ်သူ ကာမယ်လာနဲ့ လက်ထပ်ထိမ်းမြားခဲ့တာလည်းဖြစ်ပါတယ်။ 

Share

က္က