အင်တာမီလန်နဲ့ အီတလီနောက်ခံလူဟောင်း မာကိုမာတာရာဇီက ၂၀၁၀ မှာ ဆန်စီရိုကနေ မော်ရင်ဟိုထွက်ခွာခဲ့ချိန်မှာ သူ ဘာလုပ်ခဲ့လဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အင်တာမီလန်ဟာ မော်ရင်ဟိုလက်အောက်မှာ သမိုင်းဝင် ဆုဖလားသုံးလုံးကို တရာသီအတွင်း ဆွတ်ခူးနိုင်ခဲ့ပြီး မာတာရာဇီကလည်း အဓိကကစားသမားတဦးအဖြစ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုထွက်ခွာချိန်မှာတော့ သူ့နေရာကို ရာဖေးလ်ဘင်နီတက်ဇ်က အစားထိုးဝင်လာခဲ့ပြီး ၆ လသာ အင်တာမီလန်မှာရှိခဲ့ပါတယ်။ မော်ရင်ဟို တည်ဆောက်ပေးပြိး အောင်မြင်ခဲ့တဲ့ အင်တာမီလန်ဟာ အဆိုပါအချိန်ကစလို့ လက်ရှိအချိန်ထိ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိတော့ဖြစ်ပြီး ဒီရာသီမှာတော့ ကွာတားဖိုင်နယ်ကို တက်ရောက်ထားလို့ ဖလားမျှော်လင့်ချက်တော့ ရှိနေပါတယ်။
"မော်ရင်ဟိုက ထူးခြားပါတ်၊ ကျနော်တို့ကလေးတွေရဲ့ နာမည်၊ ဇနီးသည်တွေရဲ့ နာမည်ကိုလည်း သူသိတယ်၊ ကျနော့်ဇနီးနဲ့ တွေ့တဲ့အချိန်မှာဆိုရင် သူက မင်္ဂလာပါ ဒန်နီယယ်လာဆိုပြီးတော့ နှုတ်ဆက်ခဲ့လို့ အံ့အားသင့်ခဲ့ရတယ်" လို့ မာတာရာဇီက Italia Fottball TV နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိခဲ့ပြီးနောက် မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ဖို့ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဇီဒန်းရဲ့ ခေါင်းနဲ့တိုက်ဆောင့်မှုကို ခံခဲ့ရတဲ့ မာတာရာဇီက မော်ရင်ဟိုကို နှုတ်ဆက်ခဲ့ချိန်မှာ "သူကို ယီးပဲလို့ ကျနော်ပြောခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျနော့်ကို ဘင်နီတက်ဇ်နဲ့ သူ ထားခဲ့တာလေ" လို့ ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘင်နီတက်ဇ်ကိုင်တွယ်တဲ့အချိန်မှာ အင်တာမီလန်က ရလဒ်တွေဆိုးရွားခဲ့လို့ ဒီဇင်ဘာမှာပဲ နည်းပြအဖြစ်ကထုတ်ပယ်ကာ လီယိုနာဒိုနဲ့ အစားထိုးခဲ့ရပါတယ်။ မာတာရာဇီကတော့ အဆိုပါရာသီကုန်မှာပဲ အင်တာမီလန်ကနေ ထွက်ခွာခဲ့ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားခဲ့ရပါတယ်။