ပီအက်စ်ဂျီကို မက်ဆီပြောင်းရွှေ့ခဲ့မှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေပြုလုပ်ခဲ့တဲ့နောက် သူ့ကို မက်ဆီက မြည်းလို့ ခေါ်ဝေါ်ခဲ့ကြောင်း ဂျင်မီကာရေဂါက ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ကစားသမားဟောင်းဟာ ယူနိုက်တက်ကို ရော်နယ်ဒို ပြန်လည်ပြောင်းရွှေ့လာခဲ့တုန်းကလည်း ဝေဖန်မှုတွေ ထောက်ပြပြောဆိုခဲ့သူဖြစ်ကာ မက်ဆီကိုလည်း အလားတူဝေဖန်ခဲ့တာဖြစ်ပါတယ်။
Friday Night Football အစီအစဉ်မှာ ကာရေဂါက "Monday Night Football အစီအစဉ်မှာ ကျနော် အင်စတာဂရမ်ကနေ မက်ဆေ့ချ်တခုရရှိခဲ့ပါတယ်၊ မက်ဆီကိုယ်တိုင်ပို့ခဲ့တာပါ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာမက်ဆေ့ချ်ဖြစ်လို့ ကျနော်ပြသမှာမဟုတ်ပေမယ့် သူက ကျနော့်ကို မြည်း လို့ခေါ်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွက် သူ့ရဲ့အကောင်းဆုံးအသင်းရွေးချယ်မှုမှာလည်း ကာရေဂါက မက်ဆီကို ချန်လှပ်ခဲ့ပါတယ်။ "ထာ၀ရအကောင်းဆုံးကစားသမားဖြစ်တဲ့ မင်းနဲ့ယှဉ်ရင် ငါက မြည်းတကောင်ပါပဲ၊ မင်းသိပါတယ်၊ ဒါကို ငါလက်ခံတယ်၊ ဒါပေမယ့် ဒီအသင်းမှာတော့ မင်းမပါဝင်ပါဘူး၊ မင်း လုံလောက်တဲ့ကစားပုံမပြနိုင်ခဲ့ဘူး၊ နွေရာသီမှာ ကိုပါအမေရိကဖလားရခဲ့တာတောင်မှပေါ့၊ အဲဒီခြေစွမ်းက ငါ့အသင်းကနေ ဆာလာကို ဖယ်ထုတ်ဖို့ မလုံလောက်ဘူး"
"ကျနော့်အသင်းမှာ မက်ဆီမပါပါဘူး၊ ကျနော်က မက်ဆီရဲ့ ပရိသတ်ပါ၊ ဂယ်ရီနဗီးလ်ကတော့ ရော်နယ်ဒိုပေါ့၊ ဒါပေမယ့် သူတို့နှစ်ယောက်စလုံး ကျနော်တို့ အသင်းတွေမှာ မပါဝင်ခဲ့ပါဘူး" လို့ သူက ထပ်ပြောခဲ့ပါတယ်။
မက်ဆီအနေနဲ့ သူ့ရဲ့အပြောင်းအရွှေ့အပေါ် မေးခွန်းထုတ်ခဲ့တဲ့ ကာရေဂါရဲ့ ပြောဆိုမှုအပေါ်မှာ မနှစ်မျို့တာကြောင့် အခုလို မက်ဆေ့ချ်ပို့တဲ့အထိဖြစ်ခဲ့ပုံရပါတယ်။ ဘလွန်းဒီအော ၇ ကြိမ်အထိ ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြင်သစ်မှာခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရကာ အခုချိန်ထိ အကောင်းဆုံးပုံစံကို မပြသနိုင်သေးဘဲ ရှိနေသေးတာလည်းဖြစ်ပါတယ်။