မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့ အေးဂျင့်ကတော့ သူ့ရဲ့ကစားသမားဟာ ပေါင် ၁ ဘီလျံတန်ကြေးရှိတဲ့ ပထမဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ဒီနွေရာသီစျေးကွက်မှာ ဟာလန်းကို ပေါင် ၅၁.၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ကစားသမားကလည်း အသင်းအတွက် ၁၄ ပွဲသာကစားပေးထားပြီးချိန်မှာ ဂိုးပေါင်း ၂၀ အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖေလာပင်မန်တာက နော်ဝေတိုက်စစ်မှူးရဲ့ စျေးကွက်ပေါက်စျေးက ဒုံးပျံလိုမြင့်တက်လာမယ်လို့ ယုံကြည်နေပြီး ဘတ်ပီနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဟာလန်းရဲ့ လက်ရှိတန်ကြေးဟာ ခန့်မှန်းချေအားဖြင့် ပေါင်သန်း ၁၅၀ ကနေ သန်း ၂၀၀ အတွင်းလို့ သတင်းတွေကဖော်ပြနေကြပြီး သူ့အေးဂျင့်ကတော့ နောက်ထပ် ၅ ဆ လောက်အထိ မြင့်တက်မယ်လို့ ခန့်မှန်းခဲ့တာပါ။
"အာလင်းက စျေးကွက်တခုမှာ ပေါင် ၁ ဘီလျံဝန်းကျင်လောက်ဖြစ်လာမယ့် ပထမဆုံးကစားသမားလို့ ကျနော်ထင်တယ်၊ သူ့ရဲ့ ဘောလုံးတန်ဖိုး၊ ပုံရိပ်တန်ဖိုး၊ စပွန်ဆာတန်ဖိုးတွေကို ပေါင်းလိုက်ရင် ပေါင် ၁ ဘီလျံက ပြေးမလွတ်ဘူး၊ ဘတ်ပီနဲ့ ဟာလန်းကို နှိုင်းယှဉ်နေကြတာကတော့ ပုံမှန်ပါပဲ" လို့ သူမက ပြောဆိုခဲ့ကြောင်း Daily Mail က ဆိုပါတယ်။
နော်ဝေတိုက်စစ်မှူးဟာလန်းက အနာဂတ်မှာ ဘလွန်းဒီအောဆုကို ရယူနိုင်မယ့်သူလို့ အားလုံးက ယူဆထားကြပြီးလည်းဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အနားယူသွားခဲ့တဲ့နောက် ဘောလုံးလောကမှာ ဟာလန်းနဲ့ ဘတ်ပီတို့က လွှမ်းမိုးကြီးစိုးလာပြီး တဦးချင်းဆုတွေအတွက် သူတို့နှစ်ဦး ပြိုင်ဆိုင်မှာကို မြင်တွေ့ရလိမ့်မယ်လို့ ထင်မြင်ချက်တွေလည်း ရှိနေခဲ့ပြီးဖြစ်ပါတယ်။