မန်ချက်စတာယူနိုက်တက်နည်းပြရန်းဂ်နစ်ဟာ အသင်းသားတွေကို သူကိုယ်တိုင်အားလပ်ရက်ပေးထားခဲ့ပြီးကာမှ မေ့လျော့ပြီး လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့တယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကွင်းကို အင်္ဂါနေ့မနက်ပိုင်းမှာ ရန်းဂ်နစ်ခ် ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်က တနင်္လာနေ့ညမှာ ဗီလာနဲ့ အက်ဖ်အေပွဲ နွှဲထားခဲ့ရတာဖြစ်ပါတယ်။
သူဟာ လေ့ကျင့်ရေးကွင်းအ၀မှာ ကိုဗစ်စစ်ဆေးဖို့အတွက်တောင် ကားထဲမှာ ထိုင်စောင့်နေခဲ့ပြီး စစ်ဆေးပေးမယ့် ကျန်းမာရေးဝန်ထမ်းကို လှမ်းခေါ်ခဲ့ပါသေးတယ်။ အဲဒီမှာမှ ဒီနေ့အတွက် ကစားသမားတွေကို အနားပေးထားတယ်ဆိုတာကို ပြန်သတိပေးခဲ့ရပြီး ရန်းဂ်နစ်လည်း ပြန်လှည့်ထွက်သွားခဲ့တယ်လို့ ယူနိုက်တက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။
အရင်နည်းပြဆိုးလ်ရှားလက်ထက်တုန်းကတော့ ဆောင်းရာသီရောက်ပြီဆိုရင် ပူနွေးတဲ့ရာသီဥတုအောက်မှာ လေ့ကျင့်ဖို့အတွက် ဒူဘိုင်းကိုသွားရောက်လေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ရန်းဂ်နစ်ခ်က ဒူဘိုင်းမှာ ဒဏ်ရာသွားကုနေတဲ့ ပေါ့ဂ်ဘာကိုပါ ကာရင်တန်ဆီ ပြန်ခေါ်ယူထားခဲ့ပြီး ကစားသမားတွေကိုလည်း ပြည်တွင်းမှာသာ လေ့ကျင့်စေခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် ဒီနေ့မှာ ဗီလာနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ပြိုင်ဘက်အသင်းက ကော်တင်ဟို၊ ဒစ်ဂ်နီတို့ကို ခေါ်ယူထားပြိးဖြစ်လို့ အက်ဖ်အေဖလားပွဲကစားပြီး ဆက်တိုက်ဆိုသလို ဗီလာနဲ့ပဲ ထပ်ကစားရမှာဖြစ်ပါတယ်။