အေစီနဲ့အတူ ဖလားသိမ်းပွဲမှာ ဆေးပြင်းလိပ်ခဲ အောင်ပွဲခံခဲ့တာပါ။

အေစီမီလန်နဲ့အတူ စီးရီးအေဖလားဆွတ်ခူးပြီးနောက် ဆေးပြင်းလိပ်သောက်ပြီး အောင်ပွဲခံဖို့ထွက်လာတဲ့ ဇလာတန်က အဆိုပါဆေးပြင်းလိပ်ကုမ္ပဏီအနေနဲ့ သူ့ကို ကြော်ငြာခပေးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဇလာတန်ဟာ အများနဲ့မတူ တမူထူးခြားစွာနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပြီး သူ့ရဲ့အောင်ပွဲခံဟန်က လူမှုကွန်ရက်ပေါ်မှာ တော်တော်လေးပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ 

ရှန်ပိန်ပုလင်းကြီးကို လက်တဖက်က ကိုင်လာပြီး ဆေးပြင်းလိပ်ခဲကာ သူက ဥမင်လမ်းတလျှောက်ထွက်လာချိန်မှာ ပရိသတ်တွေက ဝေါခနဲဖြစ်သွားခဲ့ပါတယ်။ ဒီနောက် သူက ဆေးပြင်းလိပ်ကို ဖွာခဲ့ပြီး ရှန်ပိန်ဖောက်ကာ ပရိသတ်တွေဖက် ပက်ဖြန်းပြီးအောင်ပွဲခံခဲ့သလို ကွင်းထဲမှာလည်း သူ့ရဲ့ဟန်ပန်အတိုင်း လက်နှစ်ဖက်အပေါ်မြှောက်ကာ အောင်ပွဲခံခဲ့ပါတယ်။ 

ဇလာတန်က "ပုံမှန်အားဖြင့် ကျနော်က ဆေးလိပ်သောက်လေ့မရှိပါဘူး၊ ဒါပေမယ့် ဒီအချိန်မှာ အားလုံးက ကျနော့်ကို ဝိုင်းကြည့်နေမှာကိုသိလို့ ဆေးပြင်းလိပ်ခဲပြီးတော့ ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ၊ အခုတော့ အဲဒီဆေးပြင်းလိပ်တော်တော်လေး​ ရောင်းအားတက်သွားတယ် ကြားတယ်၊ ကုမ္ပဏီက ကျနော့်ကို ကြော်ငြာခပေးသင့်တယ်" လို့ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။ 

အေစီဟာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်အတွက်လည်း အသက်ကြီးမှကံပေါ်ဆိုသလိုဖြစ်ခဲ့ရပြီး အမှတ်ပေးဖလားကို ကိုင်မြှောက်ခွင့်ရရှိခဲ့ကာ ကစားသမားဘ၀မှာ နောက်ထပ်အောင်မြင်မှုတခု တိုးပွားသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က