ယူနိုက်တက်အတွက် ဗန်ဒီဘိခ်ပြန်ကစားခွင့်ရတော့မှာပါ။

ယူနိုက်တက်နည်းပြသစ်အဖြစ်နဲ့ မိတ်ဆက်ခဲ့ကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ အဲရစ်တန်ဟက်ဂျ်က သူ့ရဲ့တပည့်ဟောင်းဗန်ဒီဘိခ်အတွက် အကောင်းဆုံးလုပ်ဆောင်ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အေဂျက်ဇ်မှာ တန်ဟက်ဂျ်လက်အောက်ကစားရင်း ထိပ်တန်းကွင်းလယ်လူတဦးခြေစွမ်းကို ပြသခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာတော့ နေရာမရဖြစ်ခဲ့ရပါတယ်။ 

ဒါကြောင့်လည်း အဲဗာတန်ကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ရပြီး ဒီရာသီနောက်ဆုံးပွဲအဖြစ် အာဆင်နယ်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုအခါမှာ တန်ဟက်ဂျ်က ယူနိုက်တက်နည်းပြသစ်ဖြစ်လာခဲ့လို့ အိုးထရက်ဖို့ဒ်မှာ နေရာမရခဲ့တဲ့ ဗန်ဒီဘိခ်အတွက် မျှော်လင့်ချက်တွေ ပြန်ရှိလာခဲ့ပြီး မအောင်မြင်ခဲ့တဲ့ နေ့ရက်တွေကို ချေဖျက်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ဖြစ်လာခဲ့ပါတယ်။ 

တန်ဟက်ဂျ်က "ကျနော် ဒွန်နီနဲ့ တကယ်ကိုကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်၊ သေချာတာကတော့ သူ့ကို ကွင်းထဲမှာ ပြန်တွေ့ဖို့ ကျနော်မျှော်လင့်နေတယ်ဆိုတာပဲ၊ အေဂျက်ဇ်မှာတုန်းက ကျနော်တို့မှာ ကောင်းမွန်တဲ့ အသင်းတသင်းရှိခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဗန်ဒီဘိခ်ကို ယူနိုက်တက်အတွက် အသင့်ပြင်ထားဖို့ တန်ဟက်ဂျ်က မက်ဆေ့ချ်ပေးပို့လိုက်တာပဲလို့ အားလုံးက ယူဆနေကြပါတယ်။ 

အသက် ၂၅ နှစ်အရွယ် ဟော်လန်ကွင်းလယ်လူကို ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်က ခေါ်ယူခဲ့တာဖြစ်ပေမယ့် အသင်းမှာတော့ ကစားခွင့်မပေးခဲ့ပါဘူး။ ရန်းဂ်နစ်ခ်လက်ထက်မှာတော့ အငှားနဲ့ထွက်သွားခဲ့ရပြီး ဟော်လန်သားအတွက် နာကျင်စရာတွေဖြစ်ခဲ့ရတာပါ။ အေဂျက်ဇ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဘလွန်းဒီအောဆန်ခါတင်အဆင့်မှာတောင် ပါဝင်ခဲ့တဲ့ ဗန်ဒီဘိခ်ကို အရင်လို မြင်တွေ့ရတော့မလားဆိုတာကလည်း စိတ်လှုပ်ရှားစရာပါပဲ။ 

Share

Loading Next Article...
က္က